စက်သုံးဆီများ အရည်အသွေးပြည့်၊ မပြည့် ရွေ့လျားဓာတ်ခွဲခန်းဖြင့် စစ်ဆေးမည်ဟုဆို

ပို့စ်တင်ချိန် - 11/01/2013 05:43:00 PM


တစ်နိုင်ငံလုံးရှိ ပုဂ္ဂလိကစက်သုံးဆီများ၏ အရည်အသွေးပြည့်မီခြင်း ရှိ၊ မရှိကို ရွေ့လျားဓာတ်ခွဲခန်းများဖြင့် စတင်စစ်ဆေးတော့မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။

ပြည်ပမှ တင်သွင်းလာသော စက်သုံးဆီများကို သန်လျင်ရေနံချက်စက်ရုံရှိ သုတေသနဓာတ်ခွဲခန်းတွင် စစ်ဆေးပြီးမှသာ ရောင်းချခွင့်ရှိသော်လည်းစစ်ဆေးပြီး စက်သုံးဆီဆိုင်များသည် ဈေးကွက်သို့ အမှန်တကယ်အရည်အသွေးပြည့်မီသည့် စက်သုံးဆီများ ရောင်းချခြင်း ရှိ၊ မရှိကို တစ်လလျှင် တစ်ကြိမ်ထက်မနည်း ရှောင်တခင်စစ်ဆေးမှုများကို ဒီဇင်ဘာမှစတင်၍ စွမ်းအင်ဝန်ကြီးဌာနက ပြုလုပ်သွားမည်ဖြစ်သည်။

““အရင်ကတော့ တင်သွင်းလာတဲ့ဆီကို စစ်ဆေးပြီး လက်မှတ်ထုတ်ပေးလိုက်တယ်။ ဆိုင်တစ်ခုချင်းစီ ချက်ချင်းစစ်ဆေးလို့မရတော့ ဒီလိုမိုဘိုင်းစစ်ဆေးတာမျိုးမရှိခဲ့ဘူး။ ဒီသုတေသနဓာတ်ခွဲခန်းက နာရီပိုင်းအတွင်း အရည်အသွေးပြည့်မီခြင်း ရှိ၊ မရှိ ကို စစ်ဆေးပေးမယ်””ဟု မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စက်သုံးဆီ အရည်အသွေးများ စစ်ဆေးရန်အတွက် ထိုင်း နိုင်ငံအခြေစိုက် PTTEP ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရန် ဖြန့်ဖြူးသည့် ကုမ္ပဏီက ရွေ့လျားဓာတ်ခွဲခန်းပါကားတစ်စီး လှူဒါန်းမည်ဖြစ်ပြီး ၀န်ကြီးဌာန ကလည်း ကားငါးစီးတင်ဒါခေါ်ယူ ထားသည်။ PTTEP ကုမ္ပဏီမှ လှူ ဒါန်းထားသည့် ကားသည် နိုဝင် ဘာတွင်ရောက်ရှိမည်ဖြစ်ပြီး တင် ဒါခေါ်ယူထားသည့် ကားများသည်လည်း နိုဝင်ဘာဒုတိယအပတ်တွင် တင်ဒါပိတ်မည် ဖြစ်သည်။

အရည်အသွေး မပြည့်မီသည့် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ တွေ့ရှိပါက စွမ်းအင်ဝန်ကြီးဌာနက အရေးကြီးကုန်စည်နှင့် ၀န်ဆောင်မှုဥပဒေပြဋ္ဌာန်းချက်များအတိုင်း အရေးယူသွားမည်ဖြစ်သည်။ ချိန်တွယ်မပြည့်မီသော ပုဂ္ဂလိက စက်သုံးဆီဆိုင်များကို ၀န်ကြီးဌာနက ယခုနှစ်ဆန်းပိုင်းတွင် စစ်ဆေးကာ ဆိုင်ပိတ်သိမ်းခြင်းဖြင့် အရေးယူထားသည်။

အရည်အသွေးစစ်ဆေးခြင်းနှင့် ချိန်တွယ်ပြည့်မီမှု ရှိ၊ မရှိ စစ်ဆေးခြင်းကို တစ်ပြိုင်တည်းမလုပ်ဆောင်ဘဲ အပိုင်းလိုက်ခွဲ၍ လုပ်ဆောင်သွားမည်ဟု သတင်းရရှိသည်။

စွမ်းအင်ဝန်ကြီးဌာနပိုင် စက်သုံးဆီဆိုင်များကို ပုဂ္ဂလိကလုပ်ကိုင်ခွင့်ချထားပေးခဲ့ရာ ယခုအခါ တစ်နိုင်ငံလုံးတွင် စက်သုံးဆီအရောင်းဆိုင် ၁၀၃၇ ဆိုင် ရှိပြီးဖြစ်ပြီး သိုလှောင်ကန်သုံးခုနှင့် သင်္ဘောများကိုလိုက်လံဆီဖြည့်သည့် ရွေ့လျားသင်္ဘော ခြောက်စီးရှိသည်။

7Day Daily