တရုတ်နှင့်ထိုင်းသို့ ဓာတ်အားရောင်းစားမည့် သံလွင်ရေကာတာ စီမံကိန်းများကြောင့် ငြိမ်းချမ်းရေးထိခိုက်နိုင်ဟုဆို

ပို့စ်တင်ချိန် - 11/03/2013 10:10:00 AM


တရုတ်နှင့် ထိုင်းနိုင်ငံ၏ ဓာတ်အား လိုအပ်ချက်အတွက် အဓိကဖြည့်ဆည်း ပေးမည့် သံလွင်မြစ်ပေါ်မှ ရေကာတာစီမံ ကိန်းများကြောင့် ပဋိပက္ခများ တိုးပွားစေ ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်များအား ထိခိုက် နိုင်ကြောင်း မြစ်ချောင်းများကွန်ရက်က အောက်တိုဘာ ၂၉ တွင် သတင်းမီဒီယာ များသို့ ပြောကြားခဲ့သည်။

မြစ်ချောင်းများကွန်ရက်အဖွဲ့ဝင် ရှမ်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဖွဲ့ တာဝန်ရှိသူတစ်ဦးက "အဓိက ပူပန်တာက ရေကာတာဆောက်မယ့်နေရာတွေမှာ စစ် ခဏခဏဖြစ်တယ်။ ဒီတော့ ဒေသခံတွေက အနေဆင်းရဲ၊ အစားဆင်းရဲတဲ့ စစ်ဘေးရှောင် ဒုက္ခသည်ဘဝကို ကြောက်နေတယ်။ ဒါကိုလုပ်ရင် လက်ရှိငြိမ်းချမ်းရေးကို ထိခိုက်သွားမယ်"ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ သံလွင်မြစ်ပေါ်၌ ရေကာတာ ၆ ခု တည်ဆောက်မည်ဖြစ်ပြီး ၎င်း (၆)ခုမှာ ကွမ်းလုံရေကာတာ၊ နောင်ဖာရေကာတာ၊ မန်တောင်ရေကာတာ၊ တာဆန်း(ဝါ)မိုင်းတုန်ရေကာတာ၊ ရွာသစ်ရေကာတာနှင့် ဟတ်ကြီးရေကာတာတို့ ဖြစ်သည်ဟု သိရသည်။

ကွမ်းလုံရေကာတာအတွက် ဟင် နရီဟိုးဒင်းကုမ္ပဏီနှင့် အေးရှားဝေါကုမ္ပဏီ တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းမှ မဂ္ဂါဝပ် ၁၄၀ဝ ထုတ်လုပ်မည်ဖြစ် ကြောင်းနှင့် မဂ္ဂါဝပ် ၁၂၀ဝ ကို တရုတ် နိုင်ငံသို့ တင်ပို့ရောင်းချသွားမည်ဟု မြစ် ချောင်းများကွန်ရက်၏ ထုတ်ပြန်ချက်အရ သိရသည်။

နောင်ဖာနှင့် မန်တောင်ရေကာတာ စီမံကိန်းကို တရုတ်နိုင်ငံ ဟိုက်ဒရိုချိုင်း နားကော်ပိုရေးရှင်းနှင့် မြန်မာနိုင်ငံ International Group of Entrepreneurs (IGOEC) ကုမ္ပဏီလီမိတက်တို့က အကောင်အထည်မည်ဖြစ်ကြောင်း သိရသည်။

တာဆန်း (ဝါ) မိုင်းတုံရေကာတာ စီမံကိန်းကို ထိုင်းနိုင်ငံ အီးဂတ်အင်တာ နေရှင်နယ်ကုမ္ပဏီလီမိတက်နှင့် တရုတ် နိုင်ငံမှ China Three Georges Corporation မှရင်းနှီးမြှုပ်နှံမှုပြုကာ မြန်မာ နိုင်ငံက (IGOEC)တို့ ပူးပေါင်းတည် ဆောက်မည်ဖြစ်သည်။ အမေရိကန် ဒေါ်လာ ၁၂ ဘီလီလျံကုန်ကျမည်ဖြစ်ပြီး ရေကာတာမီတာအမြင့် ၂၂၈ ရှိ၍ အရှေ့ တောင်အာရှတွင် အကြီးဆုံးရေကာတာ ဖြစ်သည်။ ရေကာတာမှ ဓာတ်အား ၇၀ဝ၀ မဂ္ဂါဝပ်ထုတ်လုပ်ပြီး ထိုင်းသို့ တင်ပို့ရောင်း ချသွားမည်ဖြစ်သည်။

ရွာသစ်ရေကာတာ စီမံကိန်းကို တရုတ်နိုင်ငံ China Datang Overseas Investment Co.Ltd (CDOI)နှင့် တိုင်းရင်းသားကုမ္ပဏီ ရွှေတောင်ဟိုက်ဒရို ပါဝါတို့ ဆောင်ရွက်မည်ဖြစ်ပြီး အမေရိ ကန်ဒေါ်လာ သန်း ၂၀ဝ ခန့် ရင်းနှီးမြှုပ်နှံ မည်ဟု ထုတ်ပြန်ခဲ့သည်။ ယင်းမှ မဂ္ဂါဝပ် ၄၅၀ဝ ထုတ်လုပ်မည် ဖြစ်သည်။

ဟတ်ကြီးရေကာတာ စီမံကိန်းအား တရုတ်နိုင်ငံ Sinohydro Corporation၊ ထိုင်းနိုင်ငံ အီးဂတ်အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်နှင့် မြန်မာနိုင်ငံ (IGOEC)တို့မှ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။ စီမံကိန်း အတွက် ၂ ဒသမ ၆ ဘီလီယံ ကုန်ကျ မည်ဖြစ်ပြီး မဂ္ဂါဝပ် ၁၃၆၀ ထုတ်လုပ်ကာ မြန်မာနိုင်ငံအတွက် ဓာတ်အား ၁၀ ရာခိုင် နှုန်းယူ၍ ကျန်ဓာတ်အားများကို တရုတ် နှင့် ထိုင်းသို့ ရောင်းချသွားမည်ဖြစ်သည်။

ယင်းကဲ့သို့ ကာတာစီမံကိန်းများမှ ရရှိလာမည့် အကျိုးအမြတ်များအား ပြည်တွင်း၌ မည်ကဲ့သို့ အသုံးပြုမည်နှင့် ပတ်သက်၍ "ပညာရေးမှာ သုံးမှာလား၊ ကျန်းမာရေးမှာ သုံးမှာလား။ ဘာမှ မပွင့်လင်းဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မရသေးခင် သဘာဝအရင်းအမြစ်ဝေမျှသုံးစွဲ ခွင့်ဆိုင်ရာ မဆွေးနွေးဘဲလုပ်တာဟာ ပဋိပက္ခ ပိုရှည်စေမှာပါ" ဟု ယင်းအဖွဲ့ဝင် ကရင်လူငယ်တစ်ဦးက ပြောသည်။

လေးနိုင်ငံကျော်ဖြတ် စီးဆင်းသည့် သံလွင်မြစ်သည် နိုင်ငံတစ်ခုချင်းအလိုက် တစ်မျိုးစီ ခေါ်ဝေါ်နေကြကြောင်း လွန်ခဲ့သည့် (၁၀)နှစ်မှစ၍ ယင်းမြစ်အား စောင့်ကြည့်လေ့လာခဲ့သည့် ဝမ်ရောင်ရှိန်းက ပြောသည်။ "မြစ်ကြောင်းမှာ မျိုးနွယ် ၉၂၂ စု သဘာဝအတိုင်းနေကြတယ်။ အခြေအနေတွေက တစ်ရက်ထက်တစ် ရက်ပြောင်းလဲလာတယ်။ တရုတ်ကလည်း သူ့ ပိုင်နက်မှာ ဆောက်မယ်ပြောပြီး ဒီနေ့ အထိ မဆောက်ရသေးဘူး။ ဒီနေ့ထိ မဆောက်သေးသလို အနာဂတ်ထိ မဆောက်ရင် ကောင်းမယ်"ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)