မသန်စွမ်းများ မန္တလေး-နေပြည်တော် ခရီးရှည် ဝှီးချဲ စွမ်းရည်ပြမည်

ပို့စ်တင်ချိန် - 11/19/2013 07:08:00 PM


မန္တလေး၊ နိုဝင်ဘာ ၁၈

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ဒုတိယအကြိမ်မြောက် မန္တလေး-နေပြည်တော် ခရီးရှည် ဘီးတပ် ကုလားထိုင် (Wheel Chair) စွမ်းရည်ပြသပွဲ ပြုလုပ်မည် ဖြစ်ကြောင်း ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) အဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

ယင်းပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) တို့ ပူးပေါင်း၍ ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ဂုဏ်ပြုကျင်းပခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“နိုဝင်ဘာ ၂၆ ရက်နေ့မှာ ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) အထက်မြန်မာပြည် မန္တလေး ရုံးခွဲနေရာကနေ စတင်ထွက်ခွာကြမှာ ဖြစ်ပါတယ်။ စက်ဘီးစီးသူ တစ်ဦး၊ သုံးဘီး ဝှီးချဲစီးသူ ခြောက်ဦး စုစုပေါင်း ခုနစ်ဦးတို့က ခရီးရှည် ဝှီးချဲ စွမ်းရည် ပြသကြမှာ ဖြစ်ပါတယ်” ဟု အဆိုပါ ဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ခရီးရှည် ဘီးတပ်ကုလားထိုင် စွမ်းရည် ပြသပွဲကို မန္တလေး-နေပြည်တော် လမ်းဟောင်း (မိုင်ပေါင်း ၂၄၀ ကျော်) တွင် မန္တလေးမြို့တော်မှ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် စတင်ထွက်ခွာကြမည် ဖြစ်ပြီး ဒီဇင်ဘာလ ၂ ရက်နေ့တွင် နေပြည်တော်ရှိ စည်ပင် ဧည့်ရိပ်သာတွင် ပန်းဝင်ရောက်ကြမည် ဖြစ်ကြောင်း၊ ယင်းအပြင် ဒီဇင်ဘာလ ၃ ရက်နေ့တွင်လည်း နေပြည်တော်၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပမည် ဖြစ်ကြောင်း ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) အဖွဲ့ထံမှ ထပ်မံသိရသည်။