တိုင်းပြည်ဟာ တပ်မတော်ရဲ့ အစေခံမဖြစ်ရဘူး။ တပ်မတော်ဟာ တိုင်းပြည်ရဲ့ အခြေခံဖြစ်ရမယ်

ပို့စ်တင်ချိန် - 11/19/2013 01:48:00 PM


တပ်မတော်ရဲ့ အခွင့်အရေးတွေကို လျှော့ချချင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လုပ်နေတာ မဟုတ်ပါဘူး။ ကျမတို့ရဲ့ တပ်မတော်ကို ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်ကောင်းတစ်ခု၊ မြင့်မြတ်တဲ့ တပ်မတော်ကောင်းတစ်ခု၊ ပြည်သူကလေးစားချစ်ခင်တဲ့ တပ်မတော်ကောင်းတစ်ခု ဖြစ်စေချင်လွန်းလို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမယ်ဆိုပြီး တိုက်တွန်းနေတာပါ။ (လက်ခုပ်သံများ)

ဒီမှာတစ်ခါတည်း တပ်မတော်ကို ဖွဲ့စည်းစဉ်ခဲ့တုန်းက ဖေဖေပြောသွားတဲ့စကားတစ်ခုကို ကျမပြန်ပြောပါမယ်။ ဒါဟာ ခဏခဏပြောပြီးသားလည်း ဖြစ်ပါတယ်။ ဘယ်နှစ်ခါပြောပြော မရိုးနိုင်တဲ့စကားလည်းဖြစ်ပါတယ်။
တိုင်းပြည်ဟာ တပ်မတော်ရဲ့ အစေခံ မဖြစ်ရဘူး။ တပ်မတော်ဟာ တိုင်းပြည်ရဲ့ အခြေခံဖြစ်ရမယ်ဆိုတဲ့ စကားပါ။ (လက်ခုပ်သံများ)

ဒီဟာက ဖေဖေဟာ ဘယ်လောက် တပ်မတော်ကို တန်ဖိုးထားတယ်ဆိုတာကို ပြတာပဲ။ တိုင်းပြည်ရဲ့ အခြေခံဆိုတာ အင်မတန်မှာ သိက္ခာရှိတဲ့နေရာပါ။ အင်မတန်မှ သိက္ခာရှိတဲ့ တာဝန်တစ်ခုဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အခြေခံထက် ပိုပြီးတော့ခိုင်မာတဲ့နေရာဆိုတာ မရှိပါဘူး။ တိုင်းပြည်ကို အကျိုးပြုဖို့အတွက် ထူထောင်ခဲ့တဲ့ တပ်မတော်မို့လို့ ဒီရည်ရွယ်ချက်အရ ဆက်ပြီးတော့ လုပ်သွားမယ်ဆိုတာ ကျမတို့ယုံကြည်လို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးကို တိုက်တွန်းနေတာဖြစ်ပါတယ်။

(နိုဝင်ဘာ ၁၈ရက်နေ့၌ နေပြည်တော်တွင် ပြုလုပ်သော ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုညီလာခံမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက် မိန့်ခွန်းမှ ကောက်နှုတ်ချက်)
Kamayut Media