နစက ဖျက်သိမ်းပြီးနောက်ပိုင်း မောင်တောခရိုင်အတွင်း ကျေးရွာများတွင် ခွင့်ပြုချက်မရှိဘဲ နေအိမ်များ ဆောက်လုပ်ထားမှုများ ရှိလာ

ပို့စ်တင်ချိန် - 11/23/2013 09:58:00 AM


မောင်တောခရိုင်အတွင်း နယ်စပ်ဒေသ လူဝင်မှုစစ်ဆေး ကွပ်ကဲမှုဌာနချုပ် (နစက) ဖျက်သိမ်းပြီး နောက်ပိုင်း မောင်တောခရိုင်အတွင်း ကျေးရွာများတွင် ခွင့်ပြုချက်မရှိဘဲ နေအိမ်များ ဆောက်လုပ်ထားမှုများ ရှိလာကြောင်း သတင်းရရှိသည်။

ယင်းသို့ နေအိမ်များ ဆောက်လုပ်ရာတွင်လည်း လယ်မြေများနှင့် အခြားကန့်သတ် မြေများတွင် ဆောက်လုပ်နေခြင်းများ ရှိနေပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှ ခွင့်ပြုချက် မယူဘဲ ဆောက်လုပ်ခြင်းများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ မောင်တော ခရိုင်အတွင်း ကျေးရွာအများစုတွင် ယင်းသို့ တရားမ၀င် နေအိမ်များ ဆောက်လုပ်ခြင်းများ ရှိနေခြင်းဖြစ်ပြီး နစက တာဝန်ယူချိန်က ကျေးရွာမြေပုံဆွဲခြင်း၊ အိမ်ထောင်စု လူဦးရေ စစ်ဆေးခြင်းများအား ဆောင်ရွက်ခဲ့ကြောင်းနှင့် နစက ဖျက်သိမ်းပြီးနောက်တွင် တရားမ၀င် နေအိမ်ဆောက်လုပ်မှု ပိုမိုများပြားလာကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ယင်းအပြင် မောင်တောခရိုင်အတွင်း လူဦးရေ တိုးတက်မှု မြန်ဆန်နေသည့်အတွက် နေထိုင်ရန် ကျေးရွာများ၊ နေအိမ်များအား သက်ဆိုင်ရာ၏ ခွင့်ပြုချက် ရယူခြင်းမရှိဘဲ တရားမ၀င် ဆောက်လုပ်မှု၊ စည်ပင်ဥပဒေအတိုင်း စနစ်တကျ နေအိမ်ဆောက်လုပ်ခြင်း မရှိခြင်းများ ရှိနေကြောင်း သိရသည်။

''မောင်တောခရိုင် အတွင်းမှာ ရှိနေတဲ့ ဘင်္ဂါလီတွေဟာ ဒေသမှာ ထုတ်ပြန်ထားတဲ့ အမိန့်တွေကို ဖီဆန်ပြီး နေအိမ်ဆောက်တာတို၊ လယ်မြေတို့မှာ တရားမ၀င် အိမ်ဆောက်တာတို့ ရှိနေတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က နေအိမ်တစ်လုံးနဲ့ နွားတင်းကုပ် တစ်ခုက အခုဆိုရင် နေအိမ် ၅ လုံးလောက် ဖြစ်နေပြီ။ ဒါတွေကိုလည်း သက်ဆိုင်ရာက ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုတယ်။ မဟုတ်ရင် ဒေသရဲ့ မြေအနေအထား၊ စိုက်ပျိုးမြေနဲ့ စားနပ်ရိက္ခာ ထုတ်လုပ်မှုတွေမှာ အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ နစက တာဝန်ယူချိန်က ဆွဲထားခဲ့တဲ့ မြေကြီးမြေပုံတွေ၊ နေအိမ် အနေအထားအတိုင်း ရှိ၊ မရှိ ဆိုတာနဲ့ တိုးဆောက်လာတဲ့ နေအိမ်တွေကို စစ်ဆေးမှုတွေ လုပ်ဖို့လိုပါတယ်။ အခု မကဖ က လ၀က၀န်ထမ်း တွေရှိပေမယ့် လက်နက်ကိုင် မဟုတ်တော့ လုပ်ရကိုင်ရတာ လွယ်မယ်မထင်ပါဘူး'' ဟု မောင်တောမြို့ခံ တစ်ဦးက ပြောကြားသည်။

မောင်တောခရိုင်အတွင်း ဘင်္ဂါလီကျေးရွာ အများစုတွင် ကျေးရွာအတွင်း အိမ်ရာနှင့်လမ်းများ စနစ်တကျ မရှိဘဲ တစ်အိမ်နှင့်တစ်အိမ် နီးကပ်စွာ တည်ရှိမှုနှင့် လမ်းများကျဉ်းမြောင်းပြီး အကောက်အကွေ့များ ရှိနေခြင်းကြောင့် လုံခြုံရေး ရဲတပ်ဖွဲ့များက တရားခံများ ၀င်ရောက်ဖမ်းဆီးရာတွင် လွယ်ကူမှုမရှိ ဖြစ်လာပြီး တရားဥပဒေ စိုးမိုးမှုတွင် ခက်ခဲလာမည် ဖြစ်ကြောင်း၊ မီးဘေးအန္တရာယ် အတွက်ပါ စိုးရိမ်စရာ ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

ရခိုင်ပြည်နယ် အနောက်ဘက်ဒေသ နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ)သည် မြို့နယ်အတွင်း အိမ်ထောင်စု လူဦးရေစာရင်း ကောက်ခံမှု လုပ်ငန်းများအား တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးအတွက် လိုအပ်ချက် ဖြစ်သဖြင့် ယခင်နစက တာဝန်ယူချိန်ကကဲ့သို့ အပြောင်းအလဲမရှိ ဆောင်ရွက်နေကြောင်းလည်း သိရသည်။
Eleven Media Group