မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ကချင်ဒေသခံ ထောင်ချီကြိုဆို

ပို့စ်တင်ချိန် - 11/04/2013 11:08:00 AM


အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးရန် နိုဝင်ဘာ ၃ ရက်က မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များကို ထောင်ချီသည့် ကချင်ဒေသခံများက ကြိုဆိုခဲ့သည်။
လိုင်ဇာဆွေးနွေးပွဲ ရလဒ်များအရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ အဖွဲ့ဝင် ၁၃ ဦး ပါဝင်သော အစိုးရနှင့် ညှိနှိုင်းရန် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့သည် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် မြစ်ကြီးနားမြို့တွင် နိုဝင်ဘာ ၄ ရက်မှ ၆ ရက်ထိ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး ဆွေးနွေးမည်ဖြစ်သည်။
အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ လိုက်ပါလာသည့် မော်တော်ယာဉ် ၄၇ စင်းပါ ယာဉ်တန်းသည် လိုင်ဇာမြို့မှ နိုဝင်ဘာ ၃ ရက် နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် စတင်ထွက်ခွာခဲ့ရာ လမ်းတစ်လျှောက်တွင် ကြိုဆိုသူများ များပြားသောကြောင့် မြစ်ကြီးနားမြို့ရှိ မနောကွင်းသို့ ညနေ ၅ နာရီကျော်မှသာ ရောက်ရှိခဲ့သည်။
လမ်းတစ်လျှောက်တွင် ကချင်လူထုမှ "စစ်မှန်သော ငြိမ်းချမ်းရေး ရရှိပါစေ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်ပါစေ။ လိုင်ဇာဆွေးနွေးပွဲ ရလဒ်အား ထောက်ခံပါသည်" ဟု ကြွေးကြော်ကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အလံများကို ကိုင်ဆောင်ကာ ကြိုဆိုခဲ့သည်။
"စစ်တွေဖြစ်တာ တစ်နှစ်ပြီးတစ်နှစ် ကြာလာတော့ စီးပွားရေး လုပ်ရတာ ကျပ်တည်းလာတယ်။ ငြိမ်းချမ်းစေချင် ပါပြီ" ဟု လာရောက်ကြိုဆိုသူ အသက်ငါးဆယ်အရွယ် ဒေါ်ဂျာဆိုင်းနန်က ပြောသည်။
မြစ်ကြီးနား ဆွေးနွေးပွဲသို့ လိုက်ပါလာသည့် တိုင်းရင်းသား ခေါင်းဆောင်များထဲတွင် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဗိုလ်ချုပ်ဂွမ်မော်၊ ဒေါက်တာဆလိုင်းလျန်မှုန်း၊ မွန်ပြည်သစ်ပါတီမှ ဦးနိုင်ဟံသာ၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ စသည်တို့ ပါဝင်သည်။
တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဆွေးနွေးမည့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး အပါအ၀င် အဖွဲ့ဝင် ၁၇ ဦးအထက် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
"အဓိက ဆွေးနွေးမယ့် အကြောင်းအရာကတော့ နိုင်ငံရေးဆွေးနွေးပွဲ ရောက်အောင်သွားဖို့ပါပဲ။ မနက်ဖြန် ဆွေးနွေးပွဲကတော့ လိုင်ဇာက သဘောတူညီချက်လည်း ပါမယ်။ အစိုးရဘက်က ထပ်ဖြည့်ဆွေးနွေးစရာလည်း ပါမှာပါ" ဟု Myanmar Peace Center မှ ဦးလှမောင်ရွှေက ဆိုသည်။
Eleven Media Group