ချင်းဒေသခံများ တောင်းဆိုမှု သူရဦးရွှေမန်း ကတိကဝတ်မပြု

ပို့စ်တင်ချိန် - 11/18/2013 08:32:00 PM


နေမျိုး| တနင်္လာနေ့၊ နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၁၃ ခုနှစ်

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် ချင်းပြည်နယ် တီးတိန်မြို့ရှိ အဖွဲ့အစည်းများ၊ ဒေသခံများနှင့် တွေ့ဆုံရာတွင် ဒေသခံများက လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနှင့် ရေရှိရေး ကိစ္စရပ်များ ဆောင်းဆိုသော်လည်း သူရဦးရွှေမန်းက ကတိကဝတ် တစ်စုံတရာ ပြုခြင်းမရှိဟု တွေ့ဆုံပွဲ တက်ရောက်သော ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးကမ်းလျန်က ပြောသည်။

“တွေ့ဆုံပွဲမှာ တင်ပြတာတွေနဲ့ ပတ်သက်ပြီး ဘာကတိမှ ပေးမသွားဘူး” ဟု ပါတီကိုယ်စားပြု တက်ရောက်သူ ဦးကမ်းလျန် က မဇ္ဈိမ ကို ပြောသည်။

သူရဦးရွှေမန်းက ချင်းပြည်နယ် တီးတိန်မြို့ရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ ပါတီများ၊ မြို့မိမြို့ဖများနှင့် နိုဝင်ဘာလ ၁၈ ရက်တွင် တီးတိန်မြို့ ကမ်ဟောက်ခန်းမတွင် တွေ့ဆုံခဲ့သည်။

တက်ရောက်သူများက လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အပေါ့စားလေယာဉ်များ ဆင်းသက်နိုင်ရေး စီးစဉ်ပေးရန်၊ ရေးအားလျှပ်စစ်စီစဉ်ပေးရန်၊ ပညာရေးကောလိပ်တစ်ခု ဆောက်လုပ်ပေးရန်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စများ တင်ပြသော်လည်း သူရဦးရွှေမန်းက တစ်စုံတစ်ရာ ကတိပြုသွားခြင်းမရှိဟု ချင်းအမျိုးသားတစ်ဦးဖြစ်သူ ကိုမုန်လဲက ပြောသည်။

ယင်းတွေ့ဆုံပွဲတွင် သူရဦးရွှေမန်းက လက်ရှိ အုပ်ချုပ်မှုပုံစံသည် အထက်ပိုင်းမှ အောက်ခြေသို့ စီမံအုပ်ချုပ်သည့်ပုံစံ မဟုတ်တော့ကြောင်းသာ ပြောကြားခဲ့သည်ဟု ဦးကမ်းလျန်က ဆိုသည်။

နိုဝင်ဘာလ ၁၈ရက်က တီးတိန်မြို့နယ် ကမ်ဟောက်ခန်းမတွင် သူရဦးရွှေမန်းနှင့် ဒေသခံ ၃၆၀ကျော်တို့ တွေ့ဆုံခဲ့ကြသည်။

နိုဝင်ဘာလ ၁၆ရက်ကလည်း သူရဦးရွှေမန်းသည် စစ်ကိုင်းတိုင်းအတွင်းရှိ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ မြို့ မိမြို့ဖများနှင့် တွေ့ဆုံကာ မူးယစ်ဆေးနှင့် လက်နက်မှောင်ခိုကိစ္စများ အဓိကဆွေးနွေးခဲ့ကြသေးသည်။
Mizzima - News in Burmese