မိမိအသက်ကိုမိမိ ရန်ရှာစေသည့် အကြောင်းများ

ပို့စ်တင်ချိန် - 11/12/2013 06:10:00 PM


(၁) အမျိုးသားဖြစ်ခြင်း
အမျိုးသားများတွင် မိမိအသက်ကိုမိမိ ရန်ရှာနှုန်းမြင့်မားလေ့ရှိသည်။ မိမိကိုယ်ကိုသတ်သေသည့်အခါတွင်လည်း အမျိုးသားများတွင် သေဆုံးနိုင်ချေ လေးဆပိုများသည်။

(၂) အသက်
အသက် (၁၉) နှစ်အောက်ငယ်သူများနှင့် (၄၅) နှစ်အထက်ရှိသူများတွင် မိမိကိုယ်ကိုသတ်သေနှုန်းမြင့်မားသည်။

(၃) စိတ်ကျရောဂါ
စိတ်ကျရောဂါရှိသည်ဟု သတ်မှတ်ခံရသူများတွင် သတ်သေနိုင်သည့် အန္တရာယ်ရှိသည်။ သာမန် စိတ်ဓါတ်ကျရုံမျှဖြင့် သတ်သေနိုင်သည့် အန္တရာယ်မရှိပေ။

(၄) ယခင်ကသတ်သေရန်ကြိုးစားဖူးခြင်း
ယခင်ကသတ်သေလိုသည့် အကြံအစည်ရှိခြင်း၊ ကာယကံ မြောက်ကြိုးစားဖူးခြင်းစသည့် ရာဇ၀င်ရှိသူများတွင် သတ်သေရန် နောက်တစ်ဖန်ကြိုးစားတတ်သည်။ စိတ်ပိုင်းဆိုင်ရာ ကုသမှုတစ်မျိုးမျိုးခံယူဖူးသူမည်သူမဆို အခြားသူများထက် မိမိအသက်ကို ပိုမိုရန်ရှာတတ်သည်။

(၅) အရက်နှင့်ဆေးအလွန်အကျွံသုံးစွဲခြင်း
အရက်မူးခြင်း၊ ဆေးလွန်ခြင်းသည် သတ်သေလိုသည့်အကြံအစည်ကို လက်တွေ့လုပ်ဆောင်ဖြစ်စေရန် တွန်းအားပေးနိုင်သည်။

(၆) အိမ်ထောင်ကွဲခြင်း၊ ကွာခြင်း၊ အိမ်ထောင်ဖက် သေ ဆုံးခြင်း
အကြောင်းအမျိုးမျိုးကြောင့် အထီးကျန်ဖြစ်နေသူများသည် အိမ်ထောင်ရက်သားကျပြီး တည်ငြိမ်သော ဆက်ဆံရေးရှိသူများထက် သတ်သေနှုန်းမြင့်မားသည်။

(၇) သေဆုံးရန် စနစ်တကျ ပြင်ဆင်ထားခြင်း
ကျွမ်းကျင်သူများ၏အဆိုအရ အချို့ပုဂ္ဂိုလ်များတွင် ဆရာဝန်များ နှင့်တွေ့ဆုံခြင်း၊မိတ်ဆွေများ၊ ဆွေမျိုးများနှင့်တွေ့ဆုံခြင်း၊ “နောက်ဆုံးတစ်ခေါက်လာ လည်ခြင်း” ဟုအဓိပ္ပါယ်ရသော စကားများပြောဆိုခြင်း၊ မှတ်တမ်းမှတ်ရာများ ရေးသားနေခြင်း စသည်တို့ကို စနစ်တကျ ပြုလုပ်နေပါက မကြာမီမိမိကိုယ်ကို သတ်သေမည့် အန္တရာယ်ရှိကြောင်း သတိပြုရန်လိုသည်။

သီဟ
Ref: Health Central

Health Updates Journal No. 91