ဗိုလ်မှူးကြီး အယောင်ဆောင်၍ လိမ်လည်မှု ကျူးလွန်သူအား ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 11/03/2013 08:58:00 AM


ရန်ကုန်၊ နိုဝင်ဘာ ၂

ရန်ကုန်တိုင်း ဒေသကြီး နယ်မြေအတွင်းရှိ မြို့နယ်များ၌ အထက်အကြီး အကဲများ၏ အမည်အားအသုံးပြုကာ အယောင်ဆောင်လိမ်လည်မှု ကျူးလွန် နေသူအား ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းထုတ်ပြန်ထားပါသည်။

လိမ်လည်မှု ကျူးလွန်သူသည် ဒဂုံတောင်မြို့နယ်၊ (၂၆)ရပ်ကွက်၊ အောင်ဇေယျအိမ်ယာ၊ တိုက် (၂၂)ပထမထပ်တွင် နေထိုင်သူ ကျော်မိုးနိုင်(ခ) ကျော်ကျော် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ  အတည်ပြု စုံစမ်းသိရှိရသည်ဟု ဆိုပါသည်။

၁.၁၁.၂၀၁၃ရက်နေ့ ၁၂၀၀အချိန်တွင် ကျော်မိုးနိုင်(ခ)ကျော်ကျော်၊ (ဘ)ဦးကျင်သိန်းအား ၁ဂ/၆၅၉၉နံပါတ်တပ်ဆင်ထားသည့် NISSAN BLUE BIRD အနက်ရောင် (မှန်များ၌စတေကာကပ်) မော်တော်ယာဉ် တစ်စီးနှင့်အတူ တွေ့ရှိရသဖြင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ယူ၍ ရှာဖွေစစ်ဆေးခဲ့ပါသည်။

ကျော်မိုးနိုင်(ခ)ကျော်ကျော်၏ယာဉ်အား သက်သေများနှင့်အတူ ရှာဖွေရာ ၎င်းစီးနင်းအသုံးပြုသည့် ယာဉ်အတွင်းမှ ဗိုလ်မှူးကြီးအဆင့် ဆောင်းသည့် ရွှေချည်ထိုးဦးထုပ် (၁)လုံး၊ အနီရောင်ဝါယာလက်မီးလုံး (၁)လုံး၊ လက်ထိပ် (၂)ကွင်း၊ အနက်ရောင်လက်ကိုင်စကားပြောစက် (၁)လုံး၊ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးစာတမ်းပါ အစိမ်းရောင်ကဒ်(၁)ခု၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်လက်မောင်းတံဆိပ်တစ်စုံ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံးစာတမ်းပါ မှတ်စုစာအုပ် (၁)အုပ်၊ ယာဉ်၏အမိုးပေါ်တွင်တင်သုံးသည့် စကားပြော စက်ဧရိယာတိုင် (၁)ခု၊ ကျော်မိုးနိုင်အမည်ပါလိပ်စာကဒ် (၂၀)ခုတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။

ယခုအခါ ကျော်မိုးနိုင်(ခ)ကျော်ကျော်အား ဒဂုံမြို့မ ရဲစခန်း(ပ)၂၃၅/၂၀၁၃၊ ကြိုးမဲ့ကြေးနန်းအက်ဥပဒေပုဒ်မ ၆(၁)ဖြင့် လည်းကောင်း၊ (ပ)၂၃၆/၂၀၁၃၊ ပုဒ်မ ၁၄၀/၁၇၀ဖြင့်လည်းကောင်း အရေးယူ ဆောင်ရွက်ထားရှိပါသည်။

အဆိုပါ အမှုများဖြင့် အရေးယူဆောင်ရွက်ထားသူ ကျော်မိုးနိုင်(ခ) ကျော်ကျော်သည် အခြားမြို့နယ်များတွင်လည်း အထက်အကြီးအကဲများ၏ အမည်များ အသုံးပြု၍့ အရာရှိအဖြစ်အယောင်ဆောင်ကာ လိမ်လည်မှုများ ကျူးလွန်ထားကြောင်း သိရှိရသဖြင့် ဆက်လက်စုံစမ်းစစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းထုတ်ပြန်ချက် အရသိရသည်။

Thit Htoo Lwin သတင်း