ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ချင်းပြည်နယ်သို့ ရောက်ရှိ

ပို့စ်တင်ချိန် - 11/18/2013 09:33:00 AM

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒေသခံများအား နှုတ်ဆက်နေစဉ်

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် ချင်းပြည်နယ် ခရီးစဉ်အဖြစ် ယနေ့နံနက်ပိုင်းတွင် ရဟတ်ယဉ်များဖြင့် ကလေးမြို့မှတစ်ဆင့် တီးတိန်မြို့သို့ ရောက်ရှိလာပြီး ဒေသခံများနှင့် ကမ်ဟောက်ခန်းမတွင် တွေ့ဆုံကာ နေ့လယ် ၁ နာရီခွဲတွင် ဟားခါးမြို့သို့ ရောက်ရှိကာ ဒေသခံများနှင့် ဟားခါးမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဟားခါးမြို့၊ ဖလမ်းမြို့နှင့် ထန်တလန်မြို့တို့ရှိ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။
"ချင်းပြည်နယ် ဒေသခံများ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် တွေးတောကြပြီး ဒေသနဲ့ ကိုက်ညီအောင် လုပ်ဆောင်ကြပါ။ အများဆန္ဒရဲ့ ဆုံးဖြတ်ထားသော ဆုံးဖြတ်ချက်များကိုလည်း လိုက်နာကြပြီး လူနည်းစုရဲ့ ဆန္ဒကိုလည်း လေးလေးစားစား ရှိရပါမယ်" ဟု သူရဦးရွှေမန်းက ပြောကြားသည်။
ဒေသခံများ အနေနှင့် မိမိတို့ မြို့နယ်အသီးသီးတွင် လေယာဉ်ကွင်း ရရှိရေး၊ လမ်းပမ်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စများကို အဓိကထား တင်ပြသွားသည်။
"ဟားခါးမြို့ကို ရောက်ရှိလာပြီး ဒေသခံတွေနဲ့ တွေ့ဆုံတယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်။ ဒီဒေသရဲ့ အခက်အခဲနဲ့ လိုအပ်ချက်တွေ တင်ပြခွင့်ရလို့ ကျေးဇူးတင်ပါတယ်" ဟု ဒေသခံ တစ်ဦးမှ ပြောကြားသည်။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၊ ချင်းပြည်နယ် မင်းတပ်မြို့နှင့် မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ သွားရောက်မည်ဖြစ်ပြီး မကွေးမြို့တွင် ညအိပ်ရပ်နားမည်ဟု သိရသည်။
Eleven Media Group