ကျောက်ဆည်ပရိသတ် အားပေးပုံကြမ်းခဲ့သဖြင့် အနုပညာရှင်များ စိတ်အနှောင့်အယှက်ဖြစ်

ပို့စ်တင်ချိန် - 11/06/2013 01:29:00 PM


ဆီးဂိမ်းလှုံ့ဆော်ရေး ခရီးစဉ်အဖြစ် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့အနီးဝန်းကျင်ရှိ မြို့ပေါင်း ၁၆ မြို့သို့ သွားရောက်ခဲ့ရာ နိုဝင်ဘာ ၂ ရက် ညနေက ကျောက်ဆည်မြို့သို့ရောက်ရှိရာ ကျောက်ဆည်ပရိသတ်၏ အားပေးပုံ ကြမ်းတမ်းမှုကြောင့် အနုပညာရှင်များ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရကြောင်း ယင်းခရီးစဉ်တွင် လိုက်ပါသော သရုပ်ဆောင်များက ပြောသည်။

““အရမ်းကြီး အားပေးတာလွန်သွားတဲ့ပုံစံပါ။  ညီမဘယ်ဘက်လက်ကိုလှမ်းဆွဲတာ နောက်ကိုလိမ်ချိုးသလိုဖြစ်ပြီး လက်ဆစ်လွဲသွားလို့ ဆေးစည်းလိုက်ရတယ်”” ဟု ယင်းခရီးစဉ်တွင်ပါဝင်သူ ခင်ရူပက ပြောသည်။ အားပေးသည့်ပရိသတ်များတွင်    အရက်သေစာသောက်စားထားသူများလည်း ပါဝင်သောကြောင့်   ယခုကဲ့သို့ဖြစ်သည်ဟု ယူဆကြောင်း ၎င်းကဆိုသည်။

ယင်းခရီးစဉ်တွင် လိုက်ပါခဲ့သူ သရုပ်ဆောင် စိုးပြည့်ပြည့်စံကလည်း ခရီးစဉ်တစ်လျှောက်ရှိ မြို့များတွင် ပရိသတ်အားပေးမှု ရရှိသဖြင့် ပျော်ရွှင်ခဲ့သော်လည်း ကျောက်ဆည်မြို့မှ ပရိသတ်များ အားပေးမှုကိုမူ ၎င်းအနေဖြင့် ၀မ်းနည်းကြောင်း ပြောသည်။

နိုဝင်ဘာ ၅ ရက်ညက ယင်းကဲ့သို့ အဖြစ်အပျက်မျိုး ကြုံခဲ့ရသောကြောင့် နိုဝင်ဘာ ၃ ရက်နံ နက်တွင် စိုးပြည့်ပြည့်စံက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် နှမချင်းမစာနာ အင်္ကျီကိုဆွဲ၍ ရင်နှစ်ဖက်ကို အတင်းကိုင်ကြသော ရန်သူများနှင့် ကင်းဝေးပါစေ၊ ဘောင်းဘီနှင့် စကတ်များကို အတင်းလိုက်ဆွဲနှိုက်ကြသော ရန်သူများ နှင့် ကင်းဝေးပါစေ စသည်ဖြင့် ဆုတောင်းစကားတစ်ခုကိုလည်း ရေးသားထားသည်။

ယခုခရီးစဉ်တွင် ပရိသတ်များ၏ အားပေးမှုကြောင့် ရပ်နားသည့်နေရာများတွင် လိုအပ်သည်ထက် အချိန်ပိုမိုကြာမြင့်မှုများရှိကာ ကျောက်ဆည်မြို့သို့ ရောက်ရှိချိန် နောက်ကျသောကြောင့် စောင့်နေရသည့်    ပရိသတ်များအနေဖြင့် အပျော်လွန်ကာ အချစ်ကြမ်းသွားခြင်းဖြစ်နိုင်ကြောင်း ယင်းခရီးစဉ်တွင်ပါဝင်သည့် စည်သူမောင်က ပြောသည်။ ယောက်ျားလေးများအတွက် ယင်းကဲ့သို့ အားပေးမှုများမှာ ပြဿနာမရှိသော်လည်း မိန်းကလေးများအတွက်မူ  ဣနြေ္ဒပျက်သည်ဟုယူဆရ၍ အဖြစ်မှန်ကို ကာယကံရှင်များကိုသာ မေးမြန်းသင့်ကြောင်း စည်သူမောင်က ပြောသည်။

ဆီးဂိမ်းလှုံ့ဆော်ရေး ခရီးစဉ်တွင် ဖြိုးငွေစိုး၊ မိုးအောင်ရင်၊ ဇာနည်၊ စည်သူမောင်၊ ခရစ္စတီးနား၊ စိုးပြည့်ပြည့်စံနှင့် ခင်ရူပတို့ ပါဝင်ကာ လေးရက်ကြာခရီးစဉ်အဖြစ် နေပြည်တော်၊ မန္တလေးမြို့ အနီးတစ်ဝိုက်ရှိ မြို့နယ် ၁၆ ခုတွင် ပရိသတ်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

7DAY DAILY