အစိုးရတပ် နဲ့ ကေအိုင်အေ တိုက်ပွဲ ထပ်ဖြစ်

ပို့စ်တင်ချိန် - 11/18/2013 12:15:00 PM


တနိုင်ငံလုံး အပစ်ရပ်ရေး အတွက် တွေ့ဆုံဆွေးနွေးတဲ့ မြစ်ကြီးနား ဆွေးနွေးပွဲ ပြီးစီးလို့ သီတင်းနှစ်ပတ် ပင် မပြည့်မီ၊ အစိုးရ စစ်တပ်နဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင် တွေ အကြား နိုဝင်္ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့ မနက် က စလို့ ညနေပိုင်း အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်

ကချင်ပြည်နယ်၊ မန်စီ မြို့နယ် အတွင်းရှိ နမ့်လင်းပါရွာ အတွင်း ကို ၇ မိုင်အကွာ ရှိ မုန်းဒိန်းပါ ဘက်မှ အစိုးရ စစ်ကြောင်း ဝင်ရောက်လာခဲ့တာပါ။ ရွာထဲမှာ စစ်ပြေး ဒုက္ခသည်တွေ၊ ကျောင်းသူ ကျောင်းသားတွေ နဲ့ ကျေးရွာ လူထု ရာနဲ့ချီ ရှိခဲ့တဲ့ အတွက် တိုက်ပွဲ က တိမ်းရှောင်ရအောင်၊ တောင်ကျော် ၊ တောဖြတ် ပြေးကြရပုံ ကို ကေအိုင်အေ တပ်မဟာ ၃၊ တပ်ရင်း ၁၂ မှ၊ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်အောင် က ဘီဘီစီ ကို ပြောပါတယ်။

အခုလို နမ့်လင်းပါရွာ က စစ်ပြေးဒုက္ခသည် တွေ အနက် ကလေးမိခင် တွေ နဲ့ ကလေးတွေ၊ လမ်းမလျှောက်နိင်တဲ့ အဖိုးအို၊ အဖွားအို တွေဟာ၊ မိုင် ၅ဝ အကွာရှိ ဗန်းမော်မြို့ဖက် ရောက်လာတဲ့ အကြောင်း၊ သူတို့စားရေး သောက်ရေး အတွက် ဘာသာရေး အသင်းအဖွဲ့ တွေ က ကြိုဆို စောင့်ရှောက် ဖို့ စီစဉ်နေကြောင်း ဗန်းမော်ခရီုင် ကချင်နှစ်ချင်း ခရစ်ယန် အသင်းတော်များ အဖွဲ့ချုပ်က အထွေထွေ အတွင်းရေးမှူး ဆရာ တူးဂျာ က ဘီဘီစီ ကို ရှင်းပြပါတယ်။

တောင်ပေါ်တက်ပြေးတဲ့ စစ်ပြေးဒုက္ခသည်တွေ ကတော့၊ လမ်းခရီးမှာ နားခိုစရာ ရွာ တွေ မရှိတော့တဲ့ အတွက် စိုးရိမ်စရာ ကောင်းပုံ၊ NGO တွေ လည်း သွားဖို့ မလွယ်ပုံ လည်း ဆရာ တူးဂျာ က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)