မူဆယ်တွင် လူသုံးဦး မီးလောင်ဒဏ်ရာများဖြင့်သေဆုံး

ပို့စ်တင်ချိန် - 11/10/2013 03:27:00 PM


ဒေသခံအချို့က အဆိုပါဖြစ်စဉ်မှာ လူသတ်မီးရှို့ခံရသည်ဟု ယူဆနေပြီး လူသတ်မှုများ မကြာခဏဖြစ်ပွားနေ၍ ထိတ်လန့်နေ

အောက်တိုဘာ ၆ ရက် ညက မူဆယ်မြို့နယ် ဆယ်လန့် ကျေးရွာရှိ လက်ဖက်စိုက်ခင်းတွင် နေထိုင်သည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေပြီး ဖြစ်စဉ်မှန်ကို စုံစမ်းစစ်ဆေးနေကြောင်း မူဆယ်မြို့မရဲစခန်းမှ သတင်းရရှိသည်။

မူဆယ်မြို့နှင့် ခုနစ်မိုင်ခန့် ကွာဝေးသော ဆယ်လန့်ကျေးရွာရှိ လက်ဖက်စိုက်ခင်းတွင် နေထိုင်သည့် လီဆူးအမျိုးသား စိုင်းအိုက်ပေါင်းဆိုသူနှင့် လီဆူးလူမျိုး အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးတို့ ခန္ဓာကိုယ်မီးလောင်ကျွမ်းသောဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
““ဖြစ်စဉ်ကိုတော့ မြို့နယ်နဲ့ ခရိုင်အဆင့် ရဲအရာရှိတွေ စစ်ဆေးနေတုန်းပါ။ အသေးစိတ်အချက်အလက်ကိုတော့ ပြောခွင့်မရှိပါဘူး”” ဟု အဆိုပါ ရဲအရာရှိက ပြောသည်။
မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသော လီဆူးလူမျိုးသုံးဦးမှာ မိသားစုလိုက်နေထိုင်ကြသူများဖြစ်ပြီး အနေအထိုင်ရိုးအေးကာ ၎င်းတို့သေဆုံးခဲ့သည့် ဖြစ်စဉ်ကြောင့် မြို့နယ်တွင် သွားလာနေထိုင်ရသည်ကို စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံများက ပြောသည်။
““ရဲတပ်ဖွဲ့က တိတိကျကျ မပြောဘူး။ သုံးယောက်စလုံးမှာ မီးလောင်ဒဏ်ရာအပြင် ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေပါ ရထားတာ။ အဲဒီထဲက တစ်ယောက်ဆိုရင် မီးလောင်ဒဏ်ရာကြောင့် ရုပ်တောင်ပျက်နေပြီ””ဟု ဆယ်လန့် ကျေးရွာသားတစ်ဦးကပြောသည်။ ထို့အပြင် ဖြစ်စဉ်အမှန်ကို ဆယ်လန့်ရွာသားများက အမြန်ဆုံးသိရှိလိုကြောင်း ၎င်းကပြောသည်။
အဆိုပါလီဆူးလူမျိုးသုံးဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသည့်အမှုကို မူဆယ်မြို့မရဲစခန်းတွင် သေမှုသေခင်းဖွင့်လှစ်ထားပြီး စစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
မူဆယ်မြို့ပေါ်တွင် ဒုစရိုက်မှုများ မကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့သည့်လက လေးရက်အတွင်း လုယက်မှု ငါးကြိမ်ဖြစ်ပွားခဲ့သည်။ နေ့လယ်ခင်းပိုင်းလုယက်မှုတစ်ခုတွင် အမျိုးသမီးတစ်ဦးမှာ ဓားဖြင့် မျက်နှာကို လှီးဖြတ်ခံခဲ့ရပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
ထို့အပြင် မူဆယ်မြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် ဆေးခန်းအား နေ့လယ်ခင်းပိုင်း ၀င်ရောက်လုယက်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါဆရာဝန်လည်း ဒဏ်ရာရရှိခဲ့သည်။
 နိုဝင်ဘာ ၅ ရက်ညကလည်း မူဆယ်မြို့အေးရှားဝေါလ်တိုးဂိတ်အနီးတွင် ကားစီးလာသည့် အမျိုးသားငါးဦးအား နယ်မြေလုံခြုံရေးတာဝန်ယူထားသည့် တပ်မတော်သားများက သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့သည်။

တရုတ်နိုင်ငံနှင့် နယ်ချင်းစပ်နေပြီး လက်နက်ကိုင်အဖွဲ့အစည်းများလည်းရှိနေသည့် မူဆယ်မြို့တွင် ယခုကဲ့သို့ ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေမှုမှာ ဒေသခံများအတွက် အလွန်စိုးရိမ်စရာကောင်းကြောင်း မူဆယ်မြို့မှ ဥပဒေပညာရှင်တစ်ဦးကပြောကြားသည်။

7DAY DAILY