သယံဇာတဖျက်ဆီးသူသည် တိုင်းပြည်ကိုဖျက်ဆီးသူဟု သမ္မတဝေဖန်

ပို့စ်တင်ချိန် - 11/20/2013 09:29:00 AM


နေပြည်တော်- နိုင်ငံတော်၏သယံဇာတများကို ဖျက်ဆီးနေသူသည် တိုင်းပြည်ကိုဖျက်ဆီးနေသူပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဝေဖန်ပြောကြားသည်။

“သယံဇာတတွေကို စနစ်တကျအသုံးမပြုဘဲ ဖျက်ဆီးနေသူဟာ တိုင်းပြည်ကို ဖျက်ဆီးနေသူပဲဖြစ်ပါတယ်”ဟု နေပြည်တော် အမ်အိုင်စီစီခန်းမတွင် နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်သော အမျိုးသားအဆင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာအလုပ်ရုံဆွေးနွေးပွဲ၌ ဦးသိန်းစိန်က ပြောကြားခြင်းဖြစ်သည်။

နိုင်ငံတော်ရေရှည်ဖွံ့ဖြိုးရေးအတွက် ရေသယံဇာတ၊ မြေသယံဇာတ၊ သစ်တောသတ္တုသယံဇာတ၊ သားငါးသယံဇာတများ မပျက်စီးစေရန် ထိန်းသိမ်းရေးသည်လည်း အလွန်အရေးကြီးကြောင်း သမ္မတကဆက်လက်ပြောသည်။

သမ္မတ၏ပြောကြားချက်သည် သယံဇာတများကို တန်ဖိုးထားပြီး ထိန်းသိမ်းရန်ပြောဆိုချက်များဖြစ်၍ ၀မ်းမြောက်ဝမ်းသာကြိုဆိုသော်လည်း အချိန်လွန်ခဲ့ပြီဖြစ်ကြောင်း လူမှုအဖွဲ့အစည်းအချို့နှင့် ပတ်ဝန်းကျင်သမားအချို့က ဝေဖန်သည်။

“သမ္မတကြီးက ရေသယံဇာတကိုလည်း အဓိကပြောသွားတယ်။ ဒါပေမဲ့ မိုးကုန်သွားပြီ”ဟု Myanmar Green Network မှ ပညာရှင်ဦးစောမိုးမြင့်ကဆိုသည်။

ထို့အပြင် သဘာဝပတ်ဝန်းကျင်အရေး စိတ်ဝင်စားသော လူငယ်ကိုမိုးဇော်ကလည်း “သစ်တော၊ သတ္တုသယံဇာတကိုဖျက်ဆီးတာက ပြည်တွင်းရော ပြည်ပရောပါတယ်။ ပြည်ပက အထူးသဖြင့် တရုတ်ကုမ္ပဏီတွေ ကချင်ပြည်နယ်မှာ ရွှေတူးရင်းသယံဇာတဖျက်ဆီးနေတာကို ရည်ရွယ်တာဆိုရင်တော့ ၀မ်းသာတယ်”ဟု ဆိုသည်။

တရုတ်လုပ်ငန်းရှင်များ ကချင်ပြည်နယ်တွင် စည်းလွတ်ဝါးလွတ်ရွှေတူးနေ၍ သဘာဝပတ်ဝန်းကျင်ပျက်စီးနေကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကလည်း လွှတ်တော်တွင် ဆွေးနွေးခဲ့သကဲ့သို့ ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူကလည်း ထိုကဲ့သို့ရှိနေဆဲဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်က နေပြည်တော်တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ရေပြင်ပိုင်ဆိုင်မှုတွင် အဆင့် ၁၄ နေရာ၌ ရှိနေသော မြန်မာနိုင်ငံအနေဖြင့် သားငါးသယံဇာတများ ပြုန်းတီးမသွားစေရန် ပင်လယ်ကြမ်းပြင်နှင့် ဂေဟစနစ်များ မပျက်စီးရေး အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ နည်းပညာနှင့် အခြားအကူအညီများ ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတကဆိုသည်။

ထို့အပြင် သယံဇာတများဖြစ်သော ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုလုပ်ငန်းကဏ္ဍများဆိုင်ရာ ပွင့်လင်းမြင်သာရေးဆောင်ရွက်ချက် (EITI) ကိုလည်း ပါဝင်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက တရားဝင်ပြောထားသည့်အပြင် အဆိုပြုအဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားရန်လည်း ပြင်ဆင်လျက်ရှိသည်။
7Day News Journal