ဆယ်စုနှစ်အလွန် မြန်မာ့ပညာရေး

ပို့စ်တင်ချိန် - 11/02/2013 04:44:00 PM


ပညာရေးကဏ္ဍသည် ကောင်းမွန်သော အချက်များ ရှိသကဲ့သို့ အားနည်းချက်များ၊ ချွတ်ယွင်းချက်များ၊ ပြုပြင်ရမည့် အချက်များ များစွာရှိနေပါကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နေပြည်တော်၌ အောက်တိုဘာလ ၇ ရက်နေ့က ကျင်းပသည့် လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားသွားသည်။
နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ နှုတ်မှထွက်သော စကားများ၏ နောက်ကွယ်တွင် တာဝန်ယူမှု တာဝန်ခံမှုများ ဆက်လက်ပါ ဝင်လာမည်လားဟု မျှော်လင့်ရပါသည်။
ရာစုနှစ်ထက်ဝက် အုပ်ချုပ်သူအစိုးရ အဆက်ဆက်၏ လွယ်လင့်တကူ ပြောင်းလဲခဲ့သော ပညာရေး မူဝါဒများကြောင့် အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကြား ဟပ်ထိုးလဲခဲ့ရသည့် မြန်မာ့ပညာရေးသည် ၂၀၁၃ ခုနှစ်ကုန်ပိုင်းတွင် နိုင်ငံတော်သမ္မတ ကိုယ်တိုင် ဦးဆောင်မှုကြောင့် အစိုးရ၏ ပညာရေး ပြုပြင်ပြောင်းလဲရေး ယန္တရား သိသိသာသာ အားကောင်းလာသည်ကို တွေ့မြင်ရသည်။
သို့သော် ပညာရေးမူဝါဒ ရေးဆွဲနေသည်မှာ အထက်အရာရှိပိုင်း ဖြစ်ပြီး စီစဉ်ဆုံးဖြတ်ချက် ပေးသူမှာလည်း အဆင့်မြင့် ရာထူးခံများသာ ဖြစ်နေသေးသည်။ နှစ်ရှည်စီမံချက်များ ရေးဆွဲစဉ်၊ မူဝါဒတစ်ခု အကောင်အထည် ဖော်စဉ်နှင့် စီမံကိန်းတစ်ခု ရေးဆွဲစဉ် ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့်ကို အောက်ခြေ အရာရှိအဆင့် တစ်နည်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် အနီးကပ် ထိတွေ့ကြုံနေရသူ ဆရာ၊ ဆရာမများ မရရှိသေးပေ။
ယင်းကြောင့် ပညာရေးစနစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည် အခရာကျခဲ့ပြီး ပညာရေး လွတ်လပ်ခွင့်ကို ခေတ်အဆက်ဆက် ကျောင်းသား၊ ကျောင်းသူတိုင်းက တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
ခေတ်အဆက်ဆက် ပညာရေးသမိုင်း
လွတ်လပ်ရေးရပြီး နောက်ပိုင်း လူသိအများဆုံး ပညာရေး ပြုပြင်ပြောင်းလဲမှုများသည် ၁၉၉၀ ခုနှစ်ဝန်းကျင်တွင် စတင်ခဲ့သည်။
အထူးသဖြင့် ၁၉၉၂-၁၉၉၃ ခုနှစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ မြန်မာ့ပညာရေး လေ့လာသုံးသပ်ရေး စာတမ်းကို မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် အသေးစိတ် ရေးဆွဲခဲ့သည်။
အဆိုပါ စာတမ်းသည် ယခုအစိုးရသစ်လက်ထက် ပညာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်း လုပ်ဆောင်နေသည့် ဘက်စုံလွှမ်းခြုံသော ပညာရေး လေ့လာသုံးသပ်ရေး အစီအစဉ်နှင့် သဏ္ဌာန်တူကြောင်း ပညာရေး အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
၁၉၉၃ ခုနှစ် မြန်မာ့ပညာရေး လေ့လာသုံးသပ်ရေးစာတမ်း ရေးဆွဲပြီး နောက်ပိုင်းတွင် ၁၉၉၈ ခုနှစ်၌ ပညာရေး မြှင့်တင်မှုများ ပြန်လည် စတင်ခဲ့ပြန်သည်။ ယင်းအစီအစဉ်ကို အမျိုးသား ပညာရည် မြင့်မားရေး အထူးလေးနှစ် စီမံကိန်း (၂၀၀၀-၂၀၀၃) ဟု သတ်မှတ်ခဲ့ပြီး ပညာရေးကဏ္ဍ စီမံအုပ်ချုပ်ရေးပိုင်း အပါအဝင် ပြောင်းလဲမှုများ ထပ်မံဆောင်ရွက်ခဲ့သည်။
သတိပြုရမည်မှာ အဆိုပါ အထူးလေးနှစ် စီမံကိန်းသည် ၁၉၉၃ ခုနှစ်က ပြုလုပ်ခဲ့သော မြန်မာ့ပညာရေး လေ့လာသုံးသပ်ရေး စာတမ်းအပေါ် မူတည် ဆောင်ရွက်ခြင်း မဟုတ်ဘဲ အစိုးရ၏ မူဝါဒအတိုင်း လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ယင်းစာတမ်း ရေးဆွဲရာတွင် ပါဝင်ခဲ့သော ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ရှင်းပြသည်။
ယင်းနောက်ပိုင်းတွင် ထပ်မံဆောင်ရွက်ခဲ့သည့် နှစ် ၃၀ ရေရှည် ပညာရေး စီမံကိန်းသည်လည်း အဆိုပါစာတမ်းကို အခြေခံခဲ့ခြင်း မဟုတ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
အဆိုပါ ပညာရေး ပြောင်းလဲမှု စနစ်ဟောင်းများအရ မြန်မာ့ပညာရေးတွင် လှိုင်းတံပိုး အထန်ဆုံး နှစ်ကာလများသည် ယင်း ၁၉၉၀ ခုနှစ်မှ ၂၀၀၀ ခုနှစ် ကြားကာလတစ်ဝိုက် ဖြစ်ပြီး လက်ရှိ မြန်မာ့ပညာရေး နိမ့်ကျနေခြင်းသည် အပြောင်းအလဲများသော အစိုးရမူဝါဒ များကြောင့်ဟု လုပ်သက်ရင့် ပညာရေး ဝန်ထမ်းများက ယူဆကြသည်။
လက်ရှိ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်သည် နှစ် ၃၀ စီမံကိန်း၏ ပထမနှစ်တို ငါးနှစ် စီမံကိန်းတွင် ပါဝင်ပြီး ပညာရေးဝန်ကြီးဌာနက အဆိုပါ စီမံကိန်းအတိုင်း ဆက်လက် အကောင်အထည် ဖော်သွားရန် စီစဉ်ထားသည်။
“ဒီနှစ်ရှည် စီမံကိန်းမှာလည်း ခေတ်ကာလနဲ့ လျော်ညီတဲ့ ပြောင်းလဲမှုတွေ မထည့်ရင် အရင်အဆင်မပြေခဲ့တဲ့ ပညာရေး မြှင့်တင်မှုတွေအတိုင်း ကျရှုံးသွားနိုင်တယ်” ဟု လုပ်သက် နှစ်နှစ်ဆယ်ကျော်ရှိ ပညာရေး ဝန်ထမ်းတစ်ဦးက သုံးသပ်သည်။
ဂီယာတင်ဦးမည့် ပညာရေး
“တန်ဖိုးကြီးမားသော ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်စာပေနှင့် ကိုယ်ပိုင် ယဉ်ကျေးမှု အနုပညာ တန်ဖိုးများကို အခြားယဉ်ကျေးမှုများက ကျူးကျော် ဝင်ရောက် ဖျက်ဆီးလာလျှင် ကြံ့ကြံ့ခံ တွန်းလှန်ပြီး ထိန်းသိမ်း မြှင့်တင်နိုင်တဲ့ မြန်မာ့ပညာရေး ဖြစ်ဖို့” ဟု အဆိုပါ ပညာရေး ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတကြီးက ထပ်မံ ပြောကြားသွားခဲ့သည်။
ယင်းသို့သော ပညာရေးစနစ် ဖြစ်ရန် အရေးတကြီး လိုအပ်ကြောင်းကိုလည်း ၎င်းက ပထမဆုံးအကြိမ် အသိပေး ပြောကြားသွားသည်။
သို့သော် လက်တွေ့တွင်မူ မြန်မာ့ပညာရေးကို ကျောင်းသူ၊ ကျောင်းသူများ ကိုယ်တိုင် အားလျော့နေကြပြီး ဆရာ၊ ဆရာမများက အလိုမကျ ဖြစ်နေသေးသည်။
“ဒီကဘွဲ့ရပြီးလည်း ဘာမှသုံးလို့မှ မရတာ။ ရထားတဲ့ ဘွဲ့လက်မှတ် ပျောက်သွားတာတောင် ပြန်မရှာချင်တော့ဘူး” ဟု မြန်မာနိုင်ငံတွင် အဝေးသင်တက္ကသိုလ် ဘွဲ့ရရှိပြီး မလေးရှားနိုင်ငံတွင် MBA ဘွဲ့ သင်ကြားရယူခဲ့သူ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။
ရရှိထားသော ဘွဲ့လက်မှတ်အပေါ် ၎င်းကဲ့သို့ သဘောထားရှိသူ လူငယ်ဦးရေသည် မြန်မာနိုင်ငံတွင် ရေတွက်မကုန်အောင် ကျန်ရှိနေသေးသည်။ တက္ကသိုလ်တွင် သင်ကြားနေသော ဘာသာနှင့် စိတ်ဝင်စား သင်ယူလိုသည့်ဘာသာ ကွာခြားချက်ရှိသော လူငယ်များစွာလည်း ရှိနေသေးသည်။
ယင်းအပြင် တက္ကသိုလ်ဝင်တန်း မအောင်မြင်သေးသော လူငယ်များ၊ အခြေခံပညာတွင် လေးတန်း၊ ရှစ်တန်းနှင့် ကျောင်းထွက်ကာ မိသားစု ဝမ်းရေးအတွက် လှုပ်ရှားနေသော ကလေးသူငယ်များအတွက် ပညာဆက်လက် သင်ယူခွင့် မူဝါဒများ ပညာရေး ဝန်ကြီးဌာနက ချမှတ်ပေးရန် လိုအပ်နေသည်။
ယခုအချိန်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်း ဝင်ရောက်နေသည့်အတွက် အာမခံချက်ရှိသော အသက်မွေးဝမ်းကျောင်း သင်တန်းများစွာကို ကျောင်းပြင်ပ ရောက်ရှိနေသော လူငယ်များ တက်ရောက်ရန် မူဝါဒများ ချမှတ်ကာ ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်ရမည့် အချိန်ကာလလည်း ဖြစ်သည်။
သို့သော် ပညာရေးဝန်ကြီးဌာနက ဆက်လက်ထွက်ရှိမည့် ပညာရေးဆိုင်ရာ ဥပဒေများကို စောင့်ဆိုင်း နေကြရသည်။ ကျန်ရှိနေသေးသော အဆင့်မြင့် ပညာရေး ဥပဒေ၊ အမျိုးသား ပညာရေး ဥပဒေ အပါအဝင် အခြားပညာရေးဆိုင်ရာ ဥပဒေများစွာ ထွက်ရှိပါမှ ပညာရေး ဝန်ကြီးဌာန၏ စီမံကိန်းများ အကောင်အထည် ဖော်မည်ဆိုလျှင် အချိန်ပိုကြာမည်။ အိမ်နီးချင်း နိုင်ငံများနှင့် ယှဉ်ပြိုင်ချိန် နောက်ကျသွားမည်။ အမီပြေးရမည့် အချိန်တွင် တစ်ဆင့်ထပ်နှိမ့်၍ မရတော့ပါ။
“လတ်တလော ပြောင်းလိုက်ရင် သိသာသွားမယ့် ပညာရေးစနစ်တွေ ရှိတယ်။ အဲဒါတွေကို အရင်ပြောင်းလိုက်ရင် ဆယ်စုနှစ်အထိ အချိန်ယူစရာ မလိုတော့ပါဘူး” ဟု ပျိုးပင်ပညာရေး ဖောင်ဒေးရှင်း၏ ပညာရေး တာဝန်ခံ ဦးအောင်ကျော်သိန်းက ပြောကြားသည်။
လက်ရှိ ပညာရေးစနစ်တွင် လတ်တလော ပြောင်းလဲပစ်ရမည့် အပိုင်းတွင် စာမေးပွဲစနစ်၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားနည်း၊ ဆရာ၊ ဆရာမများအတွက် အကျိုးခံစားခွင့်နှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းတို့ ဖြစ်ပြီး ယင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပညာရေး အသုံးစရိတ်ကို အဆများစွာ ထပ်မံတိုးမြှင့်ရန် လိုအပ်ကြောင်း ပြည်တွင်း၊ ပြည်ပ ပညာရေး လေ့လာစောင့်ကြည့်သူများက အကြံပြုထားသည်။
ထပ်မံ၍ ပြုပြင်ရမည့် အပိုင်းများစွာ ကျန်ရှိနေပါသေးသည်။ ပညာရေးစနစ်အတွက် အဓိက မူဝါဒ ပြင်ဆင်ရမည့် အပိုင်းသည် ပညာရေး ဝန်ကြီးဌာနသာဖြစ်ပြီး လက်တွေ့အကောင်အထည် ဖော်ရမည့် ပုဂ္ဂိုလ်များမှာ ဆရာ၊ ဆရာမများသာ ဖြစ်သည်။
ယင်းကြောင့် ပြုပြင်ပြင်ဆင်ပေးရမည့် ဆရာ၊ ဆရာမများ၊ ပညာရေး ဝန်ထမ်းများကို လုံလောက်သော လစာငွေကြေး၊ စွမ်းဆောင်ရည် သင်တန်းများဖြင့် အရေးတကြီး ပြန်လည် ကြီးကြပ်ပေးရန် လိုအပ်နေပြီ ဖြစ်ကြောင်း၊ ထိုနည်းတူ အဆင့်မြင့် ကဏ္ဍတွင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ် သော သုတေသန လုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများနှင့် ချိတ်ဆက်ထားသော အာမခံချက်ရှိသော ဘွဲ့လက်မှတ်များပေးရန် အမြန်ဆုံး ပြင်ဆင်ထားသင့်ကြောင်း ပညာရေး လေ့လာ စောင့်ကြည့်သူတိုင်းက သုံးသပ်ကြသည်။
ယင်းလိုအပ်ချက်များကို အကောင်အထည် မဖော်ဘဲ ပညာရေး ပြောင်းလဲမှုများ ဆောင်ရွက်လျှင် ထိရောက်မှု မရှိသော ပညာရေးစနစ်သစ် တစ်ခုသာ ပေါ်ပေါက်လာပြီးယခင် ၁၉၉၀ ခုနှစ် နှောင်းပိုင်း ပညာရေး မြှင့်တင်မှုများအတိုင်း ကျရှုံးမှုများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ခန့်မှန်းရပါသည်။
အထူးသဖြင့် လူပြောင်းတိုင်း မူဝါဒ မပြောင်းလဲသင့်သော ကဏ္ဍသည် ပညာရေးကဏ္ဍပင် ဖြစ်ရာ ပညာရေးဆိုင်ရာ အဆင့်မြင့် အရာရှိများ မည်သို့ပင် ပြောင်းလဲစေကာမူ တိကျခိုင်မာသော မူဝါဒ မပြောင်းလဲရန် အလွန်အရေးကြီးလှသည်။
သမ္မတကြီးကိုယ်တိုင် ပညာရေးစနစ် အားနည်းချက်များကို ဝန်ခံပြီး ဘာသာ၊ စာပေနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းကာ နိုင်ငံကို တန်းဖိုးထားချင်စိတ်ရှိသော လူငယ်များ ပေါ်ပေါက်လာမည့် ပညာရေးစနစ် တစ်ခုကို အကောင်အထည် ဖော်နေသည့်အတွက် အလားအလာကောင်းများ ထပ်မံတွေ့မြင် လာမည်ဟုလည်း မျှော်လင့်ရမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ လက်ရှိအချိန်တွင် မြန်မာ့ပညာရေးအတွက် စိန်ခေါ်မူများစွာ ရင်ဆိုင်နေရပြီး လာမည့် ဆယ်စုနှစ်အတွက် ကြိုတင်ခန့်မှန်း တွက်ဆရန်ပင် ခက်ခဲသည့် အချိန်ကာလတစ်ခု ဖြစ်နေသည်။
ပညာရေးလောက အပြောင်းအလဲ၏ အောင်မြင်မှု၊ ရှုံးနိမ့်မှုကို ပညာရေး မျိုးဆက်တစ်ဆက်ကို တွက်ယူရသည့်အတွက် လာမည့် ဆယ်စုနှစ်လွန် နှစ်များကိုသာ ဆက်လက် စောင့်ကြည့်ရပါဦးမည်။
လဲ့ရည်မြင့်

thevoicemyanmar