သံတွဲတွင် ရဲက ရှောင်တခင် ၀င်ရောက် ဖမ်းဆီးရန် ကြိုးပမ်းမူများ ရှိနေ

ပို့စ်တင်ချိန် - 11/10/2013 12:31:00 PM


ရခိုင်ပြည်နယ် သံတွဲမြို့တွင် ရဲများက ရှောင်တခင် ၀င်ရောက်ဖမ်းဆီးရန် ကြိုးပမ်းမူများ ရှိနေသဖြင့် ဒေသခံများ အနေဖြင့် အိုးအိမ်ကို စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။

နိုဝင်္ဘာလ ၇ ရက်နေ့က သံတွဲမှ တောင်ကုတ်သို့ ထွက်ပြေး တိမ်းရှောင် လာသူတဦးက သူတို့ ထွက်ပြေးလာရ သည့် အခြေအနေနှင့်ပတ်သက်ပြီး နိရဉ္စရာသို့ ယခုလို ပြောသည်။

“ ကျွန်တော်တို့ရပ်ကွက် လုံခြုံရေးအတွက် လူ ၉ ယောက်စီ ညဥ့်တိုင်း ကင်းစောင့်ကြရပါတယ်။ တစ်နေ့တော့ ကျနော်တို့ ကင်းစောင့်နေချိန်မှာ ရဲသားတွေ ရောက်လာပြီးတော့ ခင်ဗျားတို့ ရပ်ကွက်ထဲမှာ ဖမ်းရမယ့်သူ  လူ ၄ ဦးရှိတယ်ဆိုပြီး ပြောပါတယ်။ အဲဒီနောက် ရပ်ကွက်ထဲကိုဝင်ပြီး သူတို့အိမ်တွေကို တက်ပြီး ရှာကြတယ်။ သူတို့ကို မတွေ့တော့ ကင်းစောင့်နေတဲ့ လူတွေကို ပြဿနာလုပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း  ဖမ်းဆီးခံရမှာ ကြောက်လို့ ဒီကို ထွက်ပြေးလာကြတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

သံတွဲ မြို့နယ်မှ ထွက်ပြေးတိမ်းရှောင်နေသူ ရခိုင် အမျိုးသား ရာဂဏန်းထိ ရှိနေကြောင်း၊ ယင်းအထဲမှ အချို့လည်း တောင်ကုတ်မြို့နယ်သို့ ရောက်ရှိလာကြောင်း တောင်ကုတ် လူမှုကွန်ယက်မှ ကိုဇေယျာကျော်က ပြောသည်။

“ ဟုတ်ပါတယ်။ သံတွဲက မိသားစုတွေအပါအ၀င် ထွက်ပြေးနေကြတဲ့သူတွေ အထဲက ဒီကို ရောက်ရှိလာတဲ့သူက  ၂၀ ကျော် ၃၀ နီးပါးခန့် ရှိပါတယ်။ အခု သူတို့ ကတော့ နီးစပ်ရာ ဆွေမျိုးတွေ၊ အပေါင်းအသင်းတွေ ရှိတဲ့နေရာတွေမှာ နေကြရပါတယ်။ အလိုလိုနေရင်း အဖမ်းခံရမှာကို ကြောက်လို့ ထွက်ပြေးနေကြရတဲ့ အတွက် ဒုက္ခရောက်နေကြရပါတယ်”  ဟု ယင်းကဆိုသည်။

သံတွဲမြို့တွင် ဒေသခံများကို လိုက်လံ ဖမ်းဆီးနေသူမှာ နယ်ထိန်း တပ်ကြပ်စိန်ဝင်းဖြစ်သည်ဟု ရဲအသိုင်းအ၀န်း နှင့် နီးစပ်သူ သံတွဲ ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ တပ်ကြပ် စိန်းဝင်းဆိုတဲ့ နယ်ထိန်းတယောက်ရှိပါတယ်။ သူက  ရခိုင်တွေကို ထပ်ပြီး လိုက်ဖမ်းနေပါတယ်။ သူက မွတ်ဆလင် ချမ်းသာသူတွေဆီက ပိုက်ဆံတွေယူတယ်လို့ သတင်း ထွက်နေတယ်။  မသင်္ခါတဲ့ လူတွေကို ညဆိုရင် လိုက်ဖမ်းတယ်။ ဖမ်းပြီးတော့ ဘယ်သူ တွေပါသလဲ- ပြော။ သူတို့ မလိုချင်တဲ့ သူတွေ ဆိုရင် ခြိမ်းခြောက်ပြီးတော့ ငွေတောင်းတယ်။ ဒါကြောင့် ရခိုင်တွေက ကြောက်ပြီး ထွက်ပြေး တိမ်းရှောင် နေကြရပါတယ်” ဟု ဆိုသည်။

ယခုအခါ သံတွဲမြို့နယ် သပြုချိန်ကျေးရွာတွင် နေထိုင်ကြသော ရခိုင်များ အနေဖြင့်လည်း ဆက်လက် ပဋိပက္ခ ဖြစ်မည်ကို စိုးရိမ်သဖြင့် မိမိပိုင် အိမ်ခြံမြေများကို ရောင်းပြီး ပြောင်းရွေ့ရန် စီစဉ်နေကြသည် ဟုလည်း သံတွဲ ဒေသခံများက ပြောသည်။

သံတွဲမြို့တွင် ဖမ်းဆီးခံရသူ ယခုအခါ ၈၀ ခန့်ထိ ရှိနေပြီး အများစုမှာ ပုဒ်မတပ် တရားစွဲဆိုခြင်း မရှိဘဲ အချုပ်ခန်းထဲတွင် ထိန်းသိမ်းထားကြောင်း၊ တရားစွဲဆို မခံလိုသူများထံမှ ရဲအရာရှိများက ငွေတောင်း နေသည်ဆိုသော စွပ်စွဲချက်များလည်း ထွက်ပေါ်နေကြောင်း သတင်းရရှိသည်။

(နိရဉ္စရာ- ၉ နိုဝင်္ဘာ ၂၀၁၃) / မောင်ရမ္မာ