လက်ပံတောင်းတောင်အရေး ဆန္ဒပြသူ ခြောက်ဦးကို ကြည့်မြင်တိုင် တရားရုံး ပြစ်ဒဏ်ထပ်ချ

ပို့စ်တင်ချိန် - 11/23/2013 07:22:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၂၂

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ကန့်ကွက် ဆန္ဒပြမှုဖြင့် စမ်းချောင်းမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လ ချမှတ်ထားသည့် ဦးမိုဃ်းသွေး အပါအဝင် ခြောက်ဦးကို ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လ ပြစ်ဒဏ် ထပ်ချလိုက်ကြောင်း အဆိုပါ တရားရုံးထံမှ သိရသည်။

လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွင်းမှုအတွက် ၂၀၁၂ ဒီဇင်ဘာလ ၁ ရက်နေ့က ကန့်ကွက် ဆန္ဒထုတ်ဖော်ရာတွင် ခေါင်းဆောင်ခဲ့သည့် Generation Wave အဖွဲ့မှ ကိုမိုဃ်းသွေး၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့မှ ဒီငြိမ်းလင်း အပါအဝင် ခြောက်ဦးကို ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ ဖြင့် နိုဝင်ဘာလ ၂၁ ရက်နေ့က စမ်းချောင်းမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လ ချမှတ်ထားပြီး ဖြစ်သော်လည်း ကြည့်မြင်တိုင်မြို့နယ် တရားရုံးက နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ထောင်ဒဏ် တစ်လ ထပ်မံချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းပြစ်ဒဏ် နှစ်ရပ်ကို တစ်ပေါင်းတည်း ကျခံရမည် ဖြစ်ကြောင်း ကြည့်မြင်တိုင် မြို့နယ် တရားသူကြီးက ယနေ့ အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။

Generation Wave မှ ကိုမိုဃ်းသွေး အပါအဝင် လက်ပံတောင်းတောင် စီမံကိန်း ရုပ်သိမ်းရေးအတွက် ရန်ကုန်မြို့တော်ရှိ တရုတ်သံရုံးသို့ လမ်းလျှောက် ဆန္ဒပြမှု ဦးဆောင်သူ ခြောက်ဦးသည် လမ်းလျှောက် ဆန္ဒပြရာတွင် ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် အလုံမြို့နယ်တို့ကို ခွင့်ပြုချက်မဲ့ စီတန်း လှည့်လည်ခဲ့သဖြင့် အဆိုပါ မြို့နယ်ရဲတပ်ဖွဲ့များက ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်မှုဖြင့် သက်ဆိုင်ရာ တရားရုံးများတွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်သူများကို အလုံမြို့နယ် တရားရုံးက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထပ်မံရုံးထုတ် အမိန့်ချမှတ်မည် ဖြစ်ကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။
“ပုဒ်မ ၁၈ ဆိုတာ မရှိသင့်တဲ့ကိစ္စ ဖြစ်တယ်။ ရှိခဲ့ရင်လည်း ပြင်သင့်တယ်။ အသွင်ကူးပြောင်းရေးလို့ ပြောနေတဲ့ ဒီမိုကရေစီ နိုင်ငံကို သွားနေတဲ့ နိုင်ငံမှာ မရှိသင့်တော့တဲ့ ကိစ္စဖြစ်တယ်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ပေးပြီး သက်ဆိုင်ရာက စည်းနဲ့ကမ်းနဲ့ ထိန်းသိမ်းသင့်တယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ရုံးတာဝန်ခံ ဖြစ်သူ ဦးသက်ဦးက ဆိုသည်။

လက်ရှိတွင် ပုဒ် ၁၈ အပါအဝင် အခြားနိုင်ငံရေး ပုဒ်မများဖြင့် တရားစွဲဆိုခြင်း ခံရသော တက်ကြွလှုပ်ရှားသူများ (Activists) နှင့် နိုင်ငံရေးသမားပေါင်း ၂၀၀ ကျော်ခန့် ရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ ခန့်မှန်းထားသည်။
The Voice Weekly