ကမန် လူဦးရေစာရင်း ဒီဇင်ဘာအတွင်း စကောက်မည်

ပို့စ်တင်ချိန် - 11/26/2013 02:00:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၂၅

ကမန် အမည်ခံများ ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည့် မြန်မာနိုင်ငံရှိ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ကမန်တိုင်းရင်းသား လူဦးရေစာရင်း အတိအကျကို ဒီဇင်ဘာလအတွင်း စတင်ကောက် ယူသွားမည် ဖြစ်ကြောင်း ကမန်အမျိုးသား တိုးတက်ရေးပါတီမှ အတွင်းရေးမှူး (၁) ဦးကျော်ငြိမ်းက ပြောကြားသည်။

ကမန် တိုင်းရင်းသားများ၏ အခွင့်အရေးကို ဥပဒေဘောင် အတွင်းမှ တရားဝင် တောင်းဆို ပေးနိုင်ရန်၊ မြန်မာနိုင်ငံရှိ ကမန် တိုင်းရင်းသားများနှင့် အဆက်အသွယ်များ ရရှိနိုင်ရန် ယင်းသို့ လူဦးရေစာရင်း ကောက်ခံရခြင်း ဖြစ်ကြောင်း၊ လူဦးရေစာရင်း ကောက်ခံမည့် လုပ်ထုံးလုပ်နည်း များကို ရက်သတ္တတစ်ပတ်အတွင်း ထုတ်ပြန်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ကမန် တိုင်းရင်းသားများသည် နှစ်သောင်း ဝန်းကျင်သာ ရှိသော်လည်း ကမန် အမည်ခံထားသည့် ဘင်္ဂါလီလူမျိုး သိန်းချီ ရှိနေကြောင်း ရခိုင် တိုင်းရင်းသားများကို မေးမြန်းချက်များအရ သိရှိရသည်။

ကမန်တိုင်းရင်းသား လူဦးရေစာရင်း ကောက်မည့် ကိစ္စသည် ကောင်းမွန်သည့် လုပ်ရပ် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ကမန်အမည်ခံကာ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကိုင်ဆောင်ထားသည့် ဘင်္ဂါလီများ ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
“တစ်ယောက်ကို ငါးသိန်းလောက် အကုန်ခံရင် ကမန်ဆိုပြီး မှတ်ပုံတင် ရတယ်လို့ ကြားနေရတယ်။ တော်တော်ဝမ်းနည်းဖို့ ကောင်းတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ လူမျိုးများထံမှ ငွေကြေးများယူကာ ကမန် တိုင်းရင်းသားအဖြစ် မှတ်ပုံတင်ပေးမှုများ ရှိနေကြောင်း ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ကမန်လူမျိုး ၇,၇၀၂ ဦး ရှိကြောင်း ပြည်နယ် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန စာရင်းများကို အခြေခံကာ ယင်းအစီရင်ခံစာတွင် ဆက်လက်ဖော်ပြသည်။

ပဋိပက္ခများ ထပ်မံ မဖြစ်ပွားစေရန်ဟုဆိုကာ ကမန် တိုင်းရင်းသားများကို သွားလာခွင့်များ တားမြစ်ထားသဖြင့် အလုပ်အကိုင်၊ စီးပွားရေး လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဦးကျော်ငြိမ်းက ပြောကြားသည်။
The Voice Weekly