ဝက်လက်မြို့နယ် သစ်ဆိမ့်ကျေးရွာတွင် နှစ်ပေါင်း (၂၆ဝ)က ရှေးဟောင်းသမိုင်းဝင် ဘုရားခြေတော်ရာတစ်ဆူ ခိုးယူပျောက်ဆုံးမှုဖြစ်ပွား

ပို့စ်တင်ချိန် - 11/25/2013 11:02:00 AM


ဝက်လက်   နိုဝင်ဘာ   ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်  သစ်ဆိမ့်ကျေးရွာ မြဂုဏ်ရောင်ကျောင်းတိုက်ပေါ်တော်မူ (အောင်စေတိုင်းရ) ဘုရားပြတိုက်အတွင်း ပူဇော်ခံထားရှိသည့်  သဲကျောက်ဖြင့်ထုလုပ်၍  အလျားလေးပေခွဲ၊  အနံနှစ်ပေခွဲရှိ တန်ဖိုးကြီးမားသည့် ရှေးဟောင်းသမိုင်းဝင် မြတ်စွာဘုရားခြေတော် ရာတစ်ဆူနှင့်  မတ်ရပ်ရုပ်ပွားတော်တစ်ဆူ  ခိုးယူပျောက်ဆုံးမှု     နိုဝင်ဘာ ၈ ရက် နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခိုးယူမှုဖြစ်ပွားသည့် နိုဝင်ဘာ ၇ ရက်ညက မြဂုဏ်ရောင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇဋိလနှင့်အခန်းနေဆရာတော် ဘဒ္ဒန္တဓမ္မပါလ နှစ်ပါးသီတင်းသုံးကျိန်းစက်တော်မူနေပြီး နောက်တစ်နေ့  နံနက် ၃ နာရီခန့်က ခိုးယူသူတို့သည် ပေါ်တော်မူဘုရားပြတိုက်အတွင်းသို့ သော့နှစ်လုံးခတ်နှင့် သံတိုင်များကို ၃၆ လက်မအရှည်ရှိ   သံဖြတ်ကတ်ကြေးဖြင့်  ဖြတ်တောက်ဖောက်ထွင်းဝင်ရောက်ပြီး ဘုရားခြေတော်ရာနှင့်မတ်ရပ်ရုပ်ပွားတော်တို့အား ကားပေါ်သို့တင်ဆောင်ရန် ဆောင်ရွက်နေစဉ် အခြားကျေးရွာမှ မောင်းနှင်လာသော  ထော်လာဂျီယာဉ်၏မီးသည်   ခိုးသူတို့၏  ကားကိုထိုးမိမှုကြောင့် မောင်းနှင်ပြေးသွားကြောင်း ထော်လာဂျီကားပေါ်မှ  မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

ထိုသို့   ရုတ်တရက်မောင်းပြေးမှုကြောင့်  ခိုးယူရန်ဆွဲထုတ်ထားသည့် မတ်ရပ်ရုပ်ပွားတော်တစ်ဆူ၊ ခြေတော်ရာမှ နဂါးခေါင်းနှစ်လုံးနှင့် ခိုးသူတို့အသုံး ပြုသွားသော သံဖြတ်ကတ်ကြေးတစ်လက်နှင့် သံတူရွင်းတစ်ချောင်းကျန်ရစ်ခဲ့ပြီး ဘုရားခြေတော်ရာတစ်ဆူသာ ပါသွားခဲ့ကြောင်း သိရသည်။

အဆိုပါပျောက်ဆုံးမှုကို ကျောင်းတိုက်၏  အခန်းနေ ဘဒ္ဒန္တဓမ္မပါလက ကထိန်ပွဲတော်နီး၍ ဘုရားဝတ်ပြုရန်နှင့် သန့်ရှင်းရေးများဆောင်ရွက်ရန် ဘုရားပြတိုက်အတွင်းဝင်ရောက်စဉ် အဆိုပါဘုရားခြေတော်ရာတစ်ဆူ ပျောက်ဆုံးနေကြောင်းသိရ၍ ကျေးရွာအုပ်ချုပ်ရေးမှူးအား ခေါ်ယူအသိပေးပြီး ဖြစ်ရပ်မှန် စိစစ်ဖော်ထုတ်နိုင်ရေးအတွက် ဝက်လက်မြို့နယ် ရဲတပ်ဖွဲ့သို့ အမှုဖွင့်တိုင်တန်း ထားကြောင်း သိရသည်။  

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း