မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း အရည်အသွေးနှင့် ထုတ်လုပ်နိုင်မှု စွမ်းအားမှာ အာဆီယံနိုင်ငံများထဲတွင် ဖွံ့ဖြိုးမှုနောက်ကျသော လာအိုထက်ပင် ကျဆင်းနေဟု ပညာရှင်များဆို

ပို့စ်တင်ချိန် - 11/21/2013 12:00:00 PM


မြန်မာနိုင်ငံတွင် လူတစ်ဦးချင်းစီ၏ အရည်အသွေးနှင့် ထုတ်လုပ်နိုင်မှု စွမ်းအားမှာ အာဆီယံနိုင်ငံများထဲတွင် ဖွံ့ဖြိုးမှုနောက်ကျသော လာအိုနိုင်ငံထက်ပင် ကျဆင်းနေကြောင်း စီးပွားရေး ပညာရှင်များ၏ ပြောကြားချက်အရ သိရသည်။

"တိုင်းပြည်စီးပွားရေး တိုးတက်ဖို့အတွက် အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ မက်ခရို အီကော်နော်မစ် ပြောင်းလဲဖို့ လိုအပ်သလို တိုင်းသူပြည်သားတွေ အနေနဲ့လည်း လုပ်စရာတွေ အများကြီး ရှိပါတယ်။ အခုမြန်မာနိုင်ငံမှာ ကျွန်တော်တို့ တစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ Productivity အရမ်းနိမ့်တယ်။ Every Aspect မှာ နိမ့်နေတာ။ Knowledge နဲ့ပတ်သက်တဲ့ Productivity ဆိုလည်း နိမ့်တယ်။ ကုန်ထုတ်လုပ်ငန်းတွေမှာ Physically လုပ်နေတာတွေလည်း နိမ့်တာပဲ။ ဒီကောင်က တော်တော် အားပျော့နေတယ်။ အခုကျွန်တော်တို့ရဲ့ Competitiveness က အခုနောက်ဆုံး သုံးသပ်တဲ့အထဲမှာ လာအိုရဲ့ အောက်မှာ ရှိနေတယ်။ တစ်ဖက်ကလည်း မြန်မာနိုင်ငံမှာ မက်ခရို အီကော်နောမစ် ပြုပြင်ရေး အပိုင်းတွေလုပ်ဖို့ လိုအပ်တယ်။ အားနည်းနေတယ်ဆိုတာ မှန်ပေမယ့် ကျွန်တော်တို့အားလုံးလည်း အားနည်းနေတယ်။ ဒါကြောင့် ဘယ်လောက်ပဲ ကောင်းတဲ့ ပေါ်လစီတွေ ချချပေါ့။ ကျွန်တော်တို့လည်း ကြိုးစားဖို့ လိုအပ်တယ်။ ဒီလိုပဲ အလုပ်သမားတွေကလည်း Labour Productivity မရှိဘူး၊ နိမ့်တယ်" ဟု MCC Group of Companies ၏ ဥက္ကဋ္ဌဖြစ်သူ ဦးတင်ဝင်းအောင်က ပြောကြားသည်။

"အခု SMEs အကြောင်းပဲ ပြောကြပါတော့။ ဂျာမနီနိုင်ငံကို ကြည့်ရင် ဂျာမနီနိုင်ငံရဲ့ လုပ်ငန်း တော်တော်များများက အသေးစားနဲ့ အလတ်စားတွေပဲ။ ဥရောပမှာ အတိုးတက်ဆုံးနိုင်ငံက ဂျာမနီပဲ။ အဓိက SMEs ပဲ။ သူတို့ကိုသွားကြည့်ရင် အလုပ်သမား နည်းနည်းလေးပဲ။ ဒါပေမဲ့ ကမ္ဘာ့ဈေးကွက်ဝင်တဲ့ပစ္စည်းတွေ ထုတ်နေတယ်။ Value Added တွေ ထုတ်နေတယ်။ ဂျာမနီက ထုတ်လုပ်လိုက်တဲ့ ပစ္စည်းကိရိယာတွေ အများစုက SMEs က လာတာ။ ဒါပေမဲ့ တစ်ယောက်ချင်း တစ်ယောက်ချင်းစီရဲ့ Labour Productivity က အရမ်းမြင့်တယ်။ ဒါလေးကို ထည့်သုံးသပ်ဖို့ လိုတယ်။ အဲဒါကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တက်လာအောင် ကြိုးစားမှ ဖြစ်လာမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ယခုနှစ်ပိုင်းအတွင်း စီးပွားရေး တိုးတက်မှုနှင့် ပတ်သက်၍ မက်ကင်စီကလည်း လေ့လာသုံးသပ်ထားသည်ကို တွေ့ရသည်။ သုံးသပ်ချက်များအရ အားရစရာလည်း ကောင်းသည်။ သို့သော် မှန်ကန်သည့် စီးပွားရေးဆိုင်ရာ မူဒါဒများကို ချမှတ်နိုင်မှသာဟု ဆိုထားသည်ကို တွေ့ရသည်။ အကယ်၍ မူဝါဒကောင်းမွန်ပါက မြန်မာ့ GDP သည် ၂၀၃၀ ပြည့်နှစ်တွင် ၂၀၀ ဘီလျံကျော်မည်ဟု ခန့်မှန်းထားသည်။ သို့သော် မူဝါဒပိုင်း အကောင်အထည်ဖော်သည့် ကိစ္စများ၊ ဆင်းရဲချမ်းသာ ကွာဟမှု ပြဿနာ၊ အလုပ်သမားများ၏ ကျွမ်းကျင်မှုနှင့် အခြားနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသည်။

"ကမ္ဘာ့ဘဏ်က သုံးသပ်ထားတာလည်း ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ GDP ကို ၆ ဒသမ ၇ လောက် မှန်းထားတာ တွေ့ရပါတယ်။ ၂၀၁၄ ခုနှစ်ကိုတော့ ၆ ဒသမ ၈ လို့ ပြင်ပြီးတော့ မှန်းထားပါတယ်။ အကောင်းမြင် တဲ့ဘက်ကို ရောက်နေပါတယ်။ FDI ဆိုရင်လည်း ၄၃ ဘီလျံလောက် ရှိတယ်။ GDP ဆိုရင်လည်း အခုကမ္ဘာ့ဘဏ်က မှန်းတာ ၅၄ ဒသမ ၄ ဘီလျံကျော်လောက် ရှိတယ်။  အကုန်လုံးကတော့ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ပြောတာမဟုတ်ဘဲ အင်တာနေရှင်နယ်ကပြောတဲ့ ကိန်းဂဏန်းတွေ ဖြစ်နေတဲ့အတွက် အလွန်ကောင်းပါတယ်။ အခုတော့ အင်ဖလေးရှင်းကတော့ ၅ ဒသမ ၉ လောက်ကနေ ၈ ဒသမ ၉ လောက်ဆိုတော့ သတိထားရတာပေါ့။ အလုပ်လက်မဲ့ကျတော့ မပြောတတ်ဘူး။ ကိန်းဂဏန်း အတိအကျမသိဘူး။ လေးရာခိုင်နှုန်းလို့ ပြောတယ်။ ကျွန်တော်စောစောက ပြောသလို ကိန်းကဏန်း အတိအကျ မသိတဲ့အတွက် အလုပ်လက်မဲ့နှုန်း ဘယ်လောက်လဲဆိုတာ မှန်းပြီးပြောနေရတာပဲ ရှိပါတယ်"ဟု ဦးတင်ဝင်းအောင်က ပြောကြားသည်။

အလုပ်လက်မဲ့ Unemployment ဆိုသော အဓိပ္ပာယ်မှာ အလုပ်လိုချင်လျှက် မရရှိသည့် သူများကိုသာ ခေါ်ဆိုကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံတွင် သီအိုရီအရ အလုပ်လက်မဲ့ နည်းနိုင်ကြောင်း၊ သို့သော် တကယ် အလုပ်လုပ်နေသည့် သူများ၏ Capacity မှာလည်း များစွာ နိမ့်နေကြောင်း သိရသည်။

"တကယ်တော့ မြန်မာနိုင်ငံမှာ တကယ်လိုအပ်နေတာက အသက်မွေး ၀မ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း (Vocational Training) ပဲ။ ဒါမှလုပ်သားတွေရဲ့ အလုပ်အကိုင် ရရှိမှုနဲ့ ကျွမ်းကျင်မှုက မြင့်တက်လာတာ။ နိုင်ငံခြားမှာလည်း ဒီလိုပဲ လေ့ကျင့် ပျိုးထောင်ပေးရတာပဲ" ဟု စီးပွားရေး ပညာရှင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။                  
Eleven Media Group