တရုတ်ကုန်သည်များ မြန်မာဆန် တန်ချိန်တစ်သိန်း ဝယ်ရန် ကမ်းလှမ်း

ပို့စ်တင်ချိန် - 11/08/2013 09:40:00 AM


ရန်ကုန်၊ နိုဝင်ဘာ ၆

မြန်မာ့ဆန် အဓိက ဝယ်လက်ဖြစ်သော တရုတ်နိုင်ငံက ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားမြို့မှတစ်ဆင့် ဧည့်မထ ၂၅ မတ် ဆန်ကြမ်း တန်ချိန်တစ်သိန်း ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။
တရုတ်ကုန်သည်များက မိုင်းလားမြို့မှတစ်ဆင့် မြန်မာ့ဆန် ဝယ်ယူရန် ကမ်းလှမ်းမှုတွင် ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ပြီး မည်သည့် အတွက်ကြောင့် ဝယ်ယူမည် ဆိုသည်ကိုမူ မသိရသေးကြောင်း ၎င်းကဆိုသည်။
“ဘာအတွက်ဝယ်မယ် ဆိုတာက လေ့လာဆဲပါ။ အဲဒီ့ဘက်ကနေပြီး ဝယ်လေ့ဝယ်ထ မရှိပါဘူး” ဟု ၎င်းက ပြောကြားသည်။

မြန်မာ့ဆန်ကြမ်းကို တရုတ်နိုင်ငံက စားသောက်ကုန် ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် အသုံးပြုရန်နှင့် အရက်ချက်ရန်အတွက် အဓိက ဝယ်ယူလေ့ ရှိသည်ဟု မူဆယ်အခြေစိုက် ဆန်ကုန်သည်များက ဆိုသည်။

မြန်မာ့ဆန်ကြမ်းကို တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ အဓိက တင်ပို့လျက် ရှိကြောင်း မူဆယ်ဆန်စပါး ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးချမ်းသာဦးက ရှင်းပြသည်။
“မူဆယ် ဘက်ကနေတော့ ပုံမှန်လောက်ပဲ သွားနေတယ်။ ထူးထူးခြားခြား လျော့ဝယ်လာတာမျိုး မရှိပါဘူး” ဟု ၎င်းကဆိုသည်။

ထို့ပြင် လက်ရှိအချိန်တွင် ပြည်တွင်း၌ မိုးကြီးရေလျှံမှုများနှင့် ကမ္ဘာ့ဆန်ဈေး ကျဆင်းမှု တို့ကြောင့် မြန်မာ့ဆန် ပြည်ပ တင်ပို့မှုမှာ ကျဆင်းလျက် ရှိသည်ဟုလည်း ၎င်းကဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရမူ ပြည်ပ ဆန်တင်ပို့မှုသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်စ ဧပြီလ ၁ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ တန်ချိန် သုံးသိန်းကျော် တင်ပို့ထားပြီး ယမန်နှစ် အလားတူ ကာလတွင် ဆန်တန်ချိန် ခြောက်သိန်းငါးသောင်းကျော် တင်ပို့ခဲ့သောကြောင့် ယခုနှစ်ဆန် တင်ပို့မှုမှာ တန်ချိန် သုံးသိန်းကျော် လျော့နည်းနေသည်။

ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်မူ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ခုနစ်သိန်းကျော် တင်ပို့ထားသည်။
The Voice Weekly