ရန်ကုန်တွင် တစ်ရက်တည်း လူငါးဦး ရေနစ်သေဆုံး

ပို့စ်တင်ချိန် - 11/04/2013 06:43:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၃

ရန်ကုန်မြို့တော်တွင် နိုဝင်ဘာလ ၂ ရက်နေ့ တစ်ရက်တည်းတွင် ရေနစ်သေဆုံးမှုပေါင်း ငါးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

လှိုင်သာယာမြို့နယ်၊ ၁၇ ရပ်ကွက်၊ ဂန္ထဝင်လမ်းတွင် နေထိုင်သူ ဦးဝင်းမြင့်စိုး ဆိုသူသည် ယင်းလမ်းရှိ အကျယ်လေးပေ၊ အနက်နှစ်ပေရှိ ရေမြောင်းထဲတွင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်က သေဆုံးခဲ့ကြောင်း၊ မြောက်ဥက္ကလာပ မြို့နယ်တွင် နံနက် ၉ နာရီခန့်က ဦးထွန်းလင်းမြတ် (ခ) ကြက်ဖကြီး (ခ) ဆံရှည် ဆိုသူမှာ ဝေဘာဂီမြို့သစ် ၄ ရပ်ကွက် မလိခလမ်း အတွင်းရှိ လမ်းဘေးရေအိုင် အတွင်းတွင် သေဆုံးခဲ့ကြောင်း၊ ၎င်းတို့ နှစ်ဦးစလုံး အရက်သောက်သုံး ထားသည်ကို စစ်ဆေး တွေ့ရှိရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ကျန်ရေနစ် သေဆုံးမှုမှာ ပြည်လမ်းရှိ အင်းလျားကန်ထဲတွင် နံနက် ၁၁ နာရီ ဝန်းကျင်က အသက် ၅၅ နှစ်ခန့် အမည်မသိ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းသေဆုံးနေသည်ကို တံတားဖြူ မှတ်တိုင်အနီး ကန်ဘောင်ပေါ် ရောက်ရှိနေသူ များက တွေ့မြင်ခဲ့ကြကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

စတုတ္ထမြောက် ဖြစ်စဉ်သည် တိုက်ကြီးမြို့နယ်၊ ဆင်စခန်းကျေးရွာ ဦးမောင်ဇော် အုတ်ကွင်းတွင် နေထိုင်သူ အသက် ၁၀ နှစ်အရွယ် မောင်စန်းမောင်မောင် နံနက် ၁၀ နာရီကျော်က အုတ်တူးသည့် ကျင်းဟောင်းရှိ ရေကန်ဘေးတွင် ငါးမျှားနေစဉ် ရေကန် အတွင်းသို့ ပြုတ်ကျ သေဆုံးခဲ့မှု ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ငါးယောက်မြောက် ရေနစ် သေဆုံးမှုမှာ ရွာမအနောက်ရပ်ကွက် ‘အောင်ဖြိုးကျော်’ သဲကွင်း အလုပ်သမား တန်းလျားတွင် နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၅ နာရီ ၃၀ က ဖြစ်ပွားခဲ့ပြီး အသက်လေးနှစ်အရွယ် မစိမ့်စိမ့်သူသည် မိခင်ဖြစ်သူ ဈေးဝယ်သွားစဉ် နေအိမ်အနောက်ဘက် ပေ ၂၀ ခန့်အကွာရှိ လှိုင်မြစ်လက်တက် ချောင်းအတွင်း ရေနစ်သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
The Voice Weekly