လျှပ်စစ်နှင့် ဆက်သွယ်ရေးကဏ္ဍအတွက် ကိုးရီးယားမှကန်ဒေါ်လာ သန်း ၁၅၀ကျော်ချေးယူရန် အစိုးရစီစဉ်

ပို့စ်တင်ချိန် - 11/01/2013 09:35:00 AM


မင်းမင်း

ကိုးရီးယားနိုင်ငံမှ ချေးပေးမည့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀ ကျော်ကို လျှပ်စစ်နှင့်ဆက်သွယ်ရေးကဏ္ဍတို့အတွက်သုံးစွဲရာတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရန် အောက်တိုဘာ ၃၁ ရက်ကပြုလုပ်သည့် လွှတ်တော်တွင် သမ္မတက သ၀ဏ်လွှာပေးပို့လိုက်သည်။

ထိုငွေများကို လျှပ်စစ်ဝန်ကြီးဌာနမှ ကန်ဒေါ်လာသန်း ၁၀၀ နှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ကန်ဒေါ်လာသန်း ၅၅ ဒသမ ၈၇၄ တို့ ချေးယူမည်ဖြစ်သည်။ ထိုငွေများကို အများဆုံးနှစ်ပေါင်း ၄၀ အတွင်း ပြန်ဆပ်ရမည်ဖြစ်ပြီး အတိုးနှုန်းမှာ ငွေတစ်ရာကျပ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ချေးယူမည့် ကန်ဒေါ်လာသန်း ၁၀၀ ကို ၅၀၀ ကေဘီ (၁၁၇ မိုင်) ဓာတ် အားလိုင်း စီမံကိန်းတစ်ခုတည်ဆောက်မည်ဖြစ်သွားမည်ဖြစ်သည်ဟု ပြည်ထောင်စုလျှပ်စစ်ဝန်ကြီး ဦးခင် မောင်စိုးက လွှတ်တော်တွင်ရှင်းပြခဲ့သည်။

ဆက်သွယ်ရေးမှ ချေးယူမည့် ကန်ဒေါ်လာသန်း ၅၅ ဒသမ ၈၇၄ ကို ကုန်းတွင်းဖိုင်ဘာဆက်ကြောင်း ၄ ခု ချိတ်ဆက်သွားမည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးသောင်းတင်ကလည်း ရှင်းပြခဲ့သည်။

ချိတ်ဆက်မည့် ဖိုင်ဘာဆက်ကြောင်း ၄ ခုမှာ အသစ်ပြုလုပ်မည့် ဆက်ကြောင်းနှစ်ခုနှင့် အရံဆက် ကြောင်းနှစ်ခုတို့ဖြစ်သည်။ အရံဖိုက်ဘာဆက်ကြောင်းမှာ တောင်ကြီး -ကွန်ဟိန်း-တာချီလိတ်နှင့်မန္တလေး -ကောလင်း -မြစ်ကြီးနားတို့ဖြစ်ကာ အသစ်ချိတ်ဆက်မည့် ဖိုင်ဘာဆက်ကြောင်းမှာ မကွေး- အမ်း-စစ် တွေနှင့် ထားဝယ်-မြိတ်-ကော့သောင်းတို့ဖြစ်သည်။

“ဆက်ကြောင်းချပြီးရင်တော့ ဆက်ကြောင်းချတဲ့ ဒေသတစ်လျှောက်မှာ မိုဘိုင်းဖုန်းအပြင် ကြိုးဖုန်းနဲ့ အင်တာနက်အတွက်ပါ ထုတ်လွှင့်မှု (Transmission) တွေပေးနိုင်မှာဖြစ်ပါတယ်” ဟု ဒု-၀န်ကြီး ဦးသောင်းတင်က ဆိုသည်။

ထိုဆက်ကြောင်းများအတွက် လိုအပ်မည့်ပစ္စည်းများကိုလည်း ကိုးရီးယားနိုင်ငံမှပစ္စည်းများကို ၀ယ်ယူမည်ဖြစ်သော်လည်း ၎င်းတို့သတ်မှတ်ထားသည့်ဈေးနှုန်းဖြင့် ၀ယ်ယူရမည်မဟုတ်ဘဲ နိုင်ငံတကာပေါက်ဈေးဖြင့် ၀ယ်ယူခွင့်ရမည်ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

ကိုးရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖြစ်ချေးပေးမည့် အထက်ပါငွေပမာဏကို ချေးယူသင့်၊ မယူသင့်ကို နိုဝင်ဘာ ၇ ရက် တွင်ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်တွင် ဆုံးဖြတ်မည်ဖြစ်ပြီး ဆွေးနွေးလိုသည့်အမတ်များအနေဖြင့် နိုဝင်ဘာ ၄ ရက်တွင် နောက်ဆုံးစာရင်းပေးရန် လွှတ်တော်နာယကသူရဦးရွှေမန်းက ဆုံးဖြတ်ခဲ့သည်။
Mizzima - News in Burmese