မြန်မာသံတော်ဆင့်ဂျာနယ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိကြောင်းနှင့် ငွေကြေးတစ်ကျပ်တစ်ပြားမှ စိုက်ထုတ်ထောက်ပံ့ထားခြင်း မရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ဆို

ပို့စ်တင်ချိန် - 11/03/2013 09:15:00 AM

သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းနေစဉ်
မြန်မာသံတော်ဆင့် ဂျာနယ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိကြောင်းနှင့် ငွေကြေးတစ်စုံတစ်ရာ စိုက်ထုတ်ထောက်ပံ့ထားခြင်းလည်း မရှိကြောင်း သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ၀န်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းမှုတွင် ပြောကြားသည်။
မြန်မာသံတော်ဆင့် ဂျာနယ်သည် သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ငွေကြေးစိုက်ထုတ်ဝေသည့် ဂျာနယ်ဖြစ်သည်ဟု ဒီမိုဝေယံ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ပြန်လည်ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
မြန်မာသံတော်ဆင့် ဂျာနယ်သည် ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို အမွှမ်းတင်ပေးပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၊ အစိုးရနှင့် သမ္မတရုံး ၀န်ကြီးများကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေသော ဂျာနယ်တစ်စောင်ဖြစ်ကြောင်း ဒီမိုဝေယံဝက်ဘ်ဆိုက်တွင် ရေးသားထားသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ဆိုသည်။
ငွေကြေးစိုက်ထုတ်ခြင်း ရှိမရှိ စုံစမ်းနိုင်ကြောင်း၊ အကယ်၍ စိုက်ထုတ်ထားခြင်း ရှိသည်ဆိုပါက မိမိအား အရေးယူ ဆောင်ရွက်နိုင်ကြောင်းကို ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က နိုင်ငံတော် သမ္မတထံသို့ တင်ပြသည့်စာတွင် ဖော်ပြထားကြောင်းကို ၎င်းကဆက်လက် ပြောကြားသည်။
"ငွေကြေးစိုက်ထုတ်တယ်ဆိုရင် တိုင်းပြည်ဘဏ္ဍာငွေနဲ့ စိုက်ထုတ်တယ် ထင်မှာပါ။ ကျွန်တော့်အနေနဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တို့မှာသာမက ယခုအစိုးရ လက်ထက်အထိပင် တိုင်းပြည်ဘဏ္ဍာငွေကို အလွဲသုံးစား လုပ်ခဲ့ခြင်း မရှိပါဘူး။ သံသယဖြစ်ရင် အစစ်ဆေး ခံနိုင်ပါတယ်" ဟု ဦးဆန်းဆင့်က ပြောကြားသည်။
အဆိုပါ ရေးသားချက်များနှင့် ပတ်သက်၍ လူတစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် ပြုလုပ်ခြင်းဖြစ်၍ အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း၊ လက်ရှိ အဆိုပါအကြောင်း အရာကို ဖော်ပြသူမှာ မည်သူဖြစ်ကြောင်း မသိရသေးကြောင်း၊ ယင်းဝက်ဘ်ဆိုက်မှတစ်ဆင့် ရေးသားသူကို ဖော်ထုတ်ခိုင်းမည်ဖြစ်ကြောင်း၊ ဥပဒေ ကျွမ်းကျင်သူများနှင့် တိုင်ပင်ကာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဦးဆန်းဆင့်က ပြောကြားသည်။
Eleven Media Group