စပိုင်မလုပ်ရေး သဘောတူစာချုပ် ဂျာမနီနှင့် အမေရိကန် လက်မှတ် ရေးထိုးဖွယ်ရှိ

ပို့စ်တင်ချိန် - 11/05/2013 10:04:00 AM


ဘာလင်၊ နိုဝင်ဘာ ၃


အက်ဒ်ဝပ်စနိုးဒန်၏ ဖွင့်ချမှုကြောင့် အမေရိကန်က ဂျာမနီ တယ်လီဖုန်း ပြောဆိုမှုများကို စောင့်ကြည့် ခြေရာခံနေခြင်း ပေါ်ပေါက်သည့်အတွက် နှစ်နိုင်ငံ သံခင်းတမန်ခင်းအရ အဆင်မပြေမှုများရှိနေစဉ် ဂျာမနီနှင့် အမေရိကန်တို့ အပြန်အလှန် စပိုင်မလုပ်ရေး သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးတော့မည် ဖြစ်ကြောင်း ဂျာမန်သတင်းစာ တစ်စောင်၏ ရေးသားချက်အရ AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဂျာမနီ ထောက်လှမ်းရေးအရာရှိများ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေစဉ် အထက်ပါ ပဏာမသဘောတူညီမှုကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း ပြည်တွင်းသတင်းစာ FAS က ရေးသားထားသည်။
အဆိုပါ သဘောတူစာချုပ်ကို လာမည့်နှစ် အစောပိုင်းတွင် ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ဂျာမနီအစိုးရနှင့် နီးစပ်သည့် သတင်းရင်းမြစ် တစ်ဦးက ပြောကြားသည်။

ဂျာမနီ ပြည်တွင်း သြဇာကြီးဂျာနယ် Der Spiegel ကလည်း ယင်းသဘောတူညီချက် ထွက်ရှိလာရေးအတွက် နှစ်ဖက်ကိုယ်စားလှယ်များ ညှိနှိုင်းနေကြကြောင်း ရေးသားထားသေးသည်။

အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ NSA ၏ ဒါရိုက်တာ ကိတ်အလက်ဇန္ဒား ကိုယ်တိုင်က ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်၏ တယ်လီဖုန်းကို စောင့်ကြည့်ခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့သည်ဟုလည်း ယင်းသတင်းက ဆိုသည်။

အမေရိကန်ထောက်လှမ်းရေးက တိုင်းတစ်ပါး ခေါင်းဆောင်များနှင့် ပြည်သူများ၏ တယ်လီဖုန်း ပြောကြားမှုများကို စောင့်ကြည့် ခြေရာခံနေသည်ဟု သတင်းများ ထွက်လာခြင်းကြောင့် ဝါရှင်တန်နှင့် ဥရောပ မဟာမိတ်များ ဆက်ဆံရေးကို ထိခိုက်ခဲ့ရသည်။

ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာမာကယ်၏ မိုဘိုင်းလ်ဖုန်းကို ၂၀၀၂ ခုနှစ် ကတည်းက စောင့်ကြည့် ထောက်လှမ်း နေခဲ့ကြောင်းလည်း ထောက်လှမ်းရေး သတင်းပေါက်ကြားမှုအရ သိရှိရသဖြင့် ဂျာမနီက ဒေါသတကြီး ဝေဖန်တုံ့ပြန်ခဲ့သည်။
ဂျာမနီသာမက အမေရိက၏ အိမ်နီးချင်း မက္ကဆီကို၊ ဥရောပ မဟာမိတ်များဖြစ်သည့် ပြင်သစ်၊ စပိန်တို့ကိုလည်း စောင့်ကြည့် ထောက်လှမ်းခဲ့သည်ဟုလည်း သတင်းများက ဆိုသည်။

NSA ဝန်ထမ်းဟောင်း အက်ဒ်ဝပ် စနိုးဒန်သည် ယခုအခါ ရုရှားနိုင်ငံတွင် တစ်နှစ်ကြာ ခိုလှုံခွင့် ရရှိခဲ့ပြီး အချို့မီဒီယာများနှင့် ဆက်သွယ်ကာ ၎င်းရရှိ သယ်ဆောင်လာခဲ့သော ထောက်လှမ်းရေး အချက်အလက်များကို ဖွင့်ချလျက် ရှိသည်။
အမေရိကသည် မိတ်ဆွေများ၏ တယ်လီဖုန်းကို ခိုးနားထောင်ခြင်း မပြုလုပ်သင့်ကြောင်း အန်ဂျလာမာကယ်က ဝေဖန် ပြောကြားခဲ့ဖူးသည်။