၂၀၁၃ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဖွင့်ပွဲကျင်းပ

ပို့စ်တင်ချိန် - 11/11/2013 12:22:00 PM


တောင်ကြီး နိုဝင်ဘာ ၁၀

လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်မှ စတင်ကျင်းပ လာခဲ့သည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေ ၅ နာရီ ခွဲက ကျင်းပရာ ရှေးဦးစွာ တန်ဆောင်တိုင် ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် မီးပုံး ပျံပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲ ကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌနှင့် လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုင်းထွန်းရင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး သည်။
ထို့နောက် ဖွင့်ပွဲသို့တက်ရောက်လာကြသူများနှင့် ပရိသတ် များအား ရှမ်းပြည်နယ် ယဉ်ကျေးမှု အဖွဲ့က ကိန္နရီကိန္နရာအက၊ ဓား သိုင်းအကဖြင့်လည်းကောင်း၊ တောင်ကြီး ပညာရေးကောလိပ် သင်တန်း သူလေးများနှင့် တိုင်းရင်းသားရိုးရာအဖွဲ့များက တန်ဆောင်တိုင် သီချင်းဖြင့်လည်း ကောင်း၊အခြေခံပညာကျောင်းသား ကျောင်းသူ လေးများက ရှမ်းအလံ၊ ရှမ်းအိုးစည်၊ ချယ်ရီပန်း စသည်တို့ကို မီးပုံး လေးများဖြင့် ပုံဖော်ကပြခြင်းများပြုလုပ်ပြီးနောက် ညနေ ၆နာရီတွင် တန်ဆောင်တိုင်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က တန်ဆောင်တိုင် ပွဲတော်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် ဖွင့်ပွဲအထိမ်းအမှတ် မီးရှူးမီးပန်းများ ပစ်ဖောက် ခြင်း၊ စိန်နား ပန်မီးပုံးပျံ လွှတ်တင်ခြင်း၊ မီးပုံးပျံငယ်အလုံး ၅၀၀ တို့ကို လွှတ်တင်ပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
ပွဲတော်ကို ယနေ့မှ နိုဝင်ဘာ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ညမီးကြီး ၆၈ လုံး၊ စိန်နားပန် ၃၄ လုံး၊ ပေါင်း ၁၀၂ လုံးကို ညပိုင်း တွင် လည်းကောင်း၊ နေ့လွှတ်အရုပ်မျိုးစုံ ခြေနှစ်ချောင်း ၁၄၉ လုံး၊ ခြေလေးချောင်း ၈၅ လုံး၊ အုပ်စုအလုံး ၅၀ ပေါင်း ၂၈၄ လုံးကို နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ လည်းကောင်း၊ မြို့လုံးကျွတ် မဟာဘုံကထိန်လှည့်လည်ပွဲနှင့် မစ္စတန်ဆောင်တိုင် ရွေးပွဲကို နိုဝင် ဘာ ၁၆ ရက်တွင် လည်းကောင်၊ မီးပဒေသာလှည့်လည်ပြိုင်ပွဲကို နိုဝင်ဘာ ၁၇ ရက်တွင် လည်းကောင်း၊ ဆုပေးပွဲနှင့်ပိတ်ပွဲကို နိုဝင်ဘာ ၁၈ ရက် ညနေ ၆ နာရီတွင် လည်းကောင်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

MOI