တိုင်းနှင့် ပြည်နယ်အလိုက် ဆေးလိပ်၊ ဆေးရွက်ကြီး ထိန်းချုပ်ရေးအဖွဲ့ ဖွဲ့မည်

ပို့စ်တင်ချိန် - 11/05/2013 04:50:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၎

ဥပဒေ ပြဋ္ဌာန်းပြီးသော်လည်း ခုနစ်နှစ်တိုင် အရေးယူ ဆောင်ရွက်ခြင်း မရှိခဲ့သော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံး သူများနှင့် ရောင်းချသူများကို ပိုမို ထိရောက်စွာ အရေးယူသွားရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြီးကြပ်ရေး အဖွဲ့များကို ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနန်းနိုင်နိုင်ရှိန်က The Voice သို့ ပြောကြားသည်။

ယင်းသို့ ကြီးကြပ်ရေး အဖွဲ့များ ဖွဲ့စည်းရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနသို့ တင်သွင်းထားပြီး ယခုနှစ် မကုန်ခင် အပြီးသတ် ဆောင်ရွက်သွားနိုင်ဖွယ် ရှိကြောင်း၊ ကြီးကြပ်ရေး အဖွဲ့ဝင်များ ရွေးချယ်ရာတွင်လည်း လက်တွေ့ ဆောင်ရွက် လိုသူများကို ခေါ်ယူနိုင်ရန် သက်ဆိုင်ရာ ကျန်းမာရေး ဦးစီးဌာနများကို ညွှန်ကြားထားကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“အခုအချိန်မှာတော့ ကြီးကြပ် အဖွဲ့ဝင်တွေ ဒီဆေးလိပ် ဆေးရွက်ကြီး ထိန်းချုပ်ရေး အလုပ်တွေကို ဖိဖိစီးစီးလုပ်ဖို့ ခက်ခဲဦးမယ်။ အကျိုးသက်ရောက်မှု ပိုရှိအောင် နည်းလမ်းတွေ ထပ်ရှာသွားမှာပါ” ဟု လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာနန်းနိုင်နိုင်ရှိန်က ပြောဆိုသည်။

ယင်းအပြင် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ရာတွင် အရပ်ဘက် အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေး ဦးစီးဌာနတို့ ထည့်သွင်းထားပြီး အချိန်မရွေး စစ်ဆေးနိုင်ရန် ပြင်ဆင်ထားသင့်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice က ပြောကြားသည်။
“တကယ်တမ်း ကြီးကြပ်ရေးအဖွဲ့က သေချာ လုပ်ရင် ဆေးလိပ် သောက်သုံးမှုကို ထိန်းချုပ်နိုင်တယ်။ အခုက ဘာမှမလုပ်ကြလို့ မထိန်းချုပ်နိုင်တာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ကြီးကြပ်ရေး အဖွဲ့များတွင် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ၊ အစိုးရဌာန တာဝန်ရှိသူများနှင့် ပြင်ပပညာရှင်များ ပါဝင်မည် ဖြစ်ပြီး ယင်းကြီးကြပ်ရေး အဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ရေး ဗဟိုအဖွဲ့ကြီး လက်အောက်တွင် ထားရှိမည် ဖြစ်ကြောင်း ယင်းဥပဒေတွင် ဖော်ပြထားသည်။
The Voice Weekly