ထူးကုမ္ပဏီပိုင် သံပြားတင် ကွန်တိန်နာ တိမ်းမှောက်

ပို့စ်တင်ချိန် - 11/16/2013 06:45:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၁၅။

ရန်ကုန်တိုင်းဒေကြီး၊ ဒေါပုံမြို့နယ်၊ ယမုံနာလမ်းမကြီး၊ ဆက်သွယ်ရေးဝင်းရှေ့တွင် နိုဝင်ဘာလ ၁၅ရက်နေ့
မွန်းလွဲ ၂နာရီဝန်းကျင်ခန့်က ထူးကုမ္ပဏီပိုင် သံပြားများ တင်ဆောင်လာသော ဆယ်ဘီးယာဉ် ကွန်တိန်နာတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

ယင်းကွန်တိန်နာကားသည် အေးရှားဝေါလ်ဆိပ်ကမ်းမှ ဒဂုံဆိပ်ကမ်းသို့ မောင်းနှင်လာသော ကားဖြစ်ပြီး၊ ဒေါပုံမြို့နယ် ဆက်သွယ်ရေးဝင်းရှေ့ အရောက်တွင် ချိုင့်ထဲသို့ ဘီးချော်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ် ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

“ဒီကားဖြစ်တာက ၂နာရီလောက်ကတည်းကဖြစ်တာ။ ဒီလမ်းမှာက ချိုင့်ခွက်တွေချည်းပဲ၊ ကွန်တိန်နာတွေကလည်း အလာများတယ်။ အဓိက ဖြစ်တာကတော့ လမ်း မကောင်းတာကြောင့်ပဲ”ဟု ဒေါပုံမြို့နယ် ယမုံနာ လမ်းမကြီး အနီးတွင် နေထိုင်သူ ပြည်သူတစ်ဦးကပြောကြားသည်။

ယင်းယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် ထိခိုက်မှု တစုံတရာ မရှိကြောင်းသိရပြီး၊ ယာဉ်မောင်းအား ဒေါပုံမြို့နယ်၊ အမှတ်-၃၀ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ အများပြည်သူဆိုင်ရာ လမ်းမပေါ်တွင် ယာဉ်အန္တရာယ်ဖြစ် ပွားစေအောင် မောင်းနှင်မှု ဥပဒေပုဒ်မ-၂၇၉ဖြင့် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ မှအဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။

“အဓိကတော့ လမ်းမကောင်းလို့ဖြစ်တာ ထောင်ဒဏ်ဆိုရင် ၁နှစ်၊ ငွေဒဏ်ဆိုရင် တစ်ထောင်၊ ပိုင်ရှင်ကို
အရေးယူမှာမဟုတ်ဘူး၊ ယာဉ်မောင်း ကိုပဲ အရေးယူမှာပါ”ဟု ၎င်းကဆက်လက်ပြောကြားသည်။

ယမုံနာလမ်းမကြီးသည် ကွန်တိန်နာကားများ အသွားအလာများသည့် လမ်းတစ်ခုဖြစ်ပြီး၊ ယင်းကဲ့သို့ ယာဉ် တိမ်းမှောက်မှုမျိုး ဖြစ်ပွားမှုနည်းပါး စေရန် လမ်းအား ပြင်ဆင်ပေးသင့်ကြောင်း ရပ်ကွက်နေပြည်သူများက သုံးသပ်ပြောကြားသည်။

ရေးသားသူ-သက်သက်မိုးသူ၊ ကြည်ပြာ

People power