စက်မှုဝန်ကြီးဌာနပိုင် စက်ရုံများ ပုဂ္ဂလိကသို့ ငှားမည်

ပို့စ်တင်ချိန် - 11/05/2013 05:30:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၎

စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အထည်အလိပ်စက်ရုံများ၊ ဝါကြိတ်စက်ရုံများ အပါအဝင် ကျန်ရှိနေသေးသော စက်ရုံများကို ပုဂ္ဂလိကသို့ ဆက်လက်ငှားရမ်း လုပ်ဆောင်ခွင့်ပြုမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန စက်မှုညွှန်ကြားရေး ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အစိုးရက ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ တိုးပွားလာစေရန်အတွက် ယင်းကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“စက်ရုံဆိုတော့ ဝင်းသူဇာဆိုင်တွေလို တစ်ခုတည်း မဟုတ်ဘူး။ လူအင်အား၊ နည်းပညာနဲ့ စက်ပစ္စည်းတွေကိုလည်း ငှားရမ်းရမှာဆိုတော့ ပိုပြီး စိစစ်ရတယ်။ ဈေးနှုန်း အများဆုံး တင်သွင်းတဲ့သူကိုပဲ ရွေးချယ် လုပ်ကိုင် စေတာချင်းတော့ တူပါတယ်” ဟု အဆိုပါ အရာရှိက ဆိုသည်။

ရမည်းသင်းမြို့နယ်မှ အမှတ် (၈) အထည်စက်ရုံခွဲ ဝါကြိတ် စက်ရုံနှင့် မြောက်ဥက္ကလာပမြို့နယ်မှ ယခင်အထည် စက်ရုံအမှတ် (၁၀)၊ ရုံခွဲ (၄) တို့ကိုလည်း ဆက်လက်ငှားရမ်းနိုင်ရန် တင်ဒါခေါ်ယူ ထားကြောင်း စက်မှု ညွှန်ကြားရေး ဦးစီးဌာန၏ ထုတ်ပြန် ကြေညာချက်အရ သိရသည်။
ပုဂ္ဂလိက လုပ်ငန်းရှင်များ မည်သူမဆို လျှောက်ထားနိုင်ပြီး တင်ဒါနောက်ဆုံး ပိတ်ရက်မှာ ဒီဇင်ဘာလ ၂ ရက်နေ့ ဖြစ်ကြောင်း ယင်းကြေညာချက်အရ သိရသည်။

အရှုံးပေါ်နေသော နိုင်ငံပိုင် စက်ရုံများကို ဆက်မလုပ်ဘဲ ပုဂ္ဂလိကသို့ ငှားရမ်းခြင်းဖြင့် ဆုံးရှုံးနေသည့် နိုင်ငံ့ဘဏ္ဍာများ ရရှိလာမည် ဖြစ်သည့်အတွက် ကောင်းမွန်ကြောင်း စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။
သို့ရာတွင် ဈေးကွက်မရှိသည့် စက်ရုံများကိုမူ ငှားမည့်သူများက လက်တွန့် နိုင်သည့်အတွက် အလဟဿ ဖြစ်သွားနိုင်ကြောင်း ၎င်းကထောက်ပြသည်။

ပုဂ္ဂလိကသို့ ငှားရမ်း လုပ်ဆောင်ခွင့် ချပေးပြီးသည့် စက်ရုံ ၁၃ ရုံ ရှိကြောင်း၊ ယင်းတို့မှာ အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်)၊ အမှတ် (၄) စက်ရုံ (ပွင့်ဖြူ)၊ အမှတ် (၅) အထည်စက်ရုံ (ပခုက္ကူ)၊ အမှတ် (၆) အထည်စက်ရုံ (ဆားလင်းကြီး) တို့နှင့် စက်ရုံခွဲများဖြင့်သော အမှတ် (၆) အထည်စက်ရုံခွဲ (မုံရွာ)၊ အမှတ် (၇) အထည်စက်ရုံခွဲ (ဝမ်းတွင်း) နှင့် အမှတ် (၈) အထည်စက်ရုံ (ရမည်းသင်း) တို့အပြင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ စက်ရုံများ ပါဝင်ကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။