မက်လုံးများနှင့် စီမံကိန်းဒေသဆီသို့

ပို့စ်တင်ချိန် - 11/04/2013 10:14:00 AM


ချင်းတွင်းမြစ်အတွင်း စက်လှေဖြင့် ပထမဆုံး သွားဖူးခြင်း ဖြစ်သည်။ ကလေးဝမြို့ ဆိပ်ကမ်းမှ ထွက်ခွာလာပြီး မြစ်ကြောင်း တစ်လျှောက်ကို ကြည့်မိတော့ အမှိုက်သရိုက်နှင့် ဒိုက်များ၊ ထင်းတိုထင်းစများ မြစ်ရေ နောက်နောက်ထက်တွင် မျောပါနေသည်ကို တွေ့ရသည်။ မြစ်အတွင်း သင်္ဘော၊ အမြန်ရေယာဉ်နှင့် စက်လှေများမှာ ဒိုက်ပတ်ခြင်း မရှိစေရန် ဂရုတစိုက် မောင်းနှင်ကြရသည်။

“အရင်တုန်းက မစိန်ဘက်မှာ ရွှေမှော် ပေါ်လာပြီး နောက်ပိုင်း မြစ်ရေဟာ ပိုနောက်လာပြီးတော့ ကမ်းပါး ပြိုတာတွေလည်း ပိုဖြစ်လာတယ်။ ဒါကြောင့် အခုလုပ်မယ့် စီမံကိန်းတွေ အပေါ်မှာ စိုးရိမ်နေမိတယ်” ဟု မြစ်ပြင်ကို ငေးကြည့်ရင်း မထုကျေးရွာသား ဦးသောင်းမောင်က ပြောပြသည်။
သူက အသက် ၅၂ နှစ်ရှိပြီ ဖြစ်ပြီး ကလေးဝမြို့နှင့် ၁၈ မိုင်ခန့်အကွာရှိ မထုကြီးကျေးရွာတွင် မွေးဖွားခဲ့သူဖြစ်ကာ ယခုတိုင် ရွာတွင် နေထိုင်ရင်း လယ်ယာလုပ်ငန်း လုပ်ကိုင်သူ ဖြစ်သည်။

မထုကြီး၊ မစိန်နှင့် နန်းမော်ကယ်ကျေးရွာ ဝန်းကျင်တို့တွင် ထွန်းသွင်အမည်ရှိ မြန်မာကုမ္ပဏီ တစ်ခုက စင်ကာပူနိုင်ငံမှ ISDN Holdings ကုမ္ပဏီနှင့် ပူးပေါင်းကာ ၅၄၀ မဂ္ဂါဝပ်ရှိ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို တည်ဆောက်ရန် စီစဉ်နေခြင်း ဖြစ်သည်။


“ပြည်ထောင်စုအစိုးရက တရားဝင် ခွင့်ပြုထားပြီးတဲ့ စီမံကိန်း ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ထောက်ခံချက်ကို ရရှိအောင် စောင့်ဆိုင်းနေပြီးတော့ ရတာနဲ့ တိုင်းဒေသကြီး အစိုးရဆီ တင်ပြသွားမှာပါ။ တိုင်းဒေသကြီးက သဘောတူရင် MoU လုပ်မယ်။ နောက်ပြီး စင်ကာပူ ကုမ္ပဏီနဲ့လည်း MoU လုပ်သွားဖို့ ရှိပါတယ်။ ဒေသခံတွေရဲ့ သဘောထားဆန္ဒကို စောင့်ဆိုင်းနေတာပါ” ဟု ထွန်းသွင် ကုမ္ပဏီမှ ကလေးဝမြို့ တာဝန်ခံ ဦးလှကြည်က ရှင်းလင်းပြောဆိုသည်။ တည်ဆောက်ရေး ကာလကို ၂ နှစ်နှင့် အပြီးတည်ဆောက်ရန် စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်က မှာကြားထားကြောင်းလည်း ၎င်းက ထပ်မံရှင်းပြသည်။ ယင်းကား စီမံကိန်းဒေသ၏ ပြောင်းလဲမှုများ စတင်မှုပင် ဖြစ်သည်။

ယခင်က ယင်းစီမံကိန်း ပြုလုပ်ရန်အတွက် တရုတ်ကုမ္ပဏီတစ်ခု အကျိုးတူ လုပ်ကိုင်ရန် ၂၀၁၀ ပြည့် နှစ် မေလအတွင်းက သဘောတူညီထားပြီး ကလေးဝမြို့၏ မြောက်ဘက် ၁၈ ကီလိုမီတာ အကွာရှိ ပန်းချီစု ကျေးရွာအုပ်စုနှင့် ယောစုကျေးရွာအုပ်စုတို့ အနီးတွင် ၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ တည်ဆောက်ရေးကာလ သုံးနှစ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၆၅၀ ခန့် အကုန်အကျခံ တည်ဆောက်သွားမည် ဖြစ်ကြောင်း ထိုစဉ်က ထုတ်ပြန်ခဲ့ဖူးသည်။ ယခုစင်ကာပူ ကုမ္ပဏီနှင့်မူ လက်ရှိ အခြေအနေတွင် ဒေသခံတို့၏ သဘောထားကို ကောက်ခံနေပြီး တည်ဆောက်ရေးကာလ၊ ခန့်မှန်း ကုန်ကျငွေများ မသတ်မှတ်ရသေးကြောင်း သိရသည်။ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားမှာမူ ၅၄ မဂ္ဂါဝပ် ဖြစ်သဖြင့် ယခင်ကထက် မဂ္ဂါဝပ် ၆၀ ခန့် လျော့ကျ သွားပေသည်။

အဆိုပါ စီမံကိန်းအပေါ် စိုးရိမ်ပူပန် နေကြပြီး သဘောတူ လက်ခံသူများ ရှိသလို ကန့်ကွက်နေသူများ လည်း ရှိသည်။ ၎င်းတို့ အနေနှင့် စီမံကိန်းနှင့် ပတ်သက်သော ဗဟုသုတများကို လေ့လာရန် အလှမ်းဝေးပြီး စီမံကိန်း၏ ကောင်းကျိုး၊ ဆိုးကျိုးများအား သေချာစွာ မသိရှိကြပေ။

စီမံကိန်း ပြုလုပ်မည့်နေရာမှာ ကျေးရွာများနှင့် သုံးမိုင်ပတ်လည်တွင် တည်ရှိပြီး စက်ရုံတည်ဆောက် လိုက်ခြင်းဖြင့် ကျောက်မီးသွေး မီးရှို့ရာမှ ထွက်လာမည့် အဆိပ်ငွေ့များ၊ ထွက်ပေါ်လာသော ပြာများ မြစ်ထဲ ကျရောက်မည့် အန္တရာယ်နှင့် စိုက်ပျိုးမြေများ ထိခိုက်နိုင်မည်ကို စိုးရိမ်နေကြောင်း ယင်းကျေးရွာ ဒေသခံများက ပြောဆိုသည်။
“အခုတောင်မှ ချင်းတွင်းမြစ်က တစ်နှစ်ထက်တစ်နှစ် မြစ်ပြင်ကျယ်လာတယ်။ ကမ်းပါးတွေ ပြိုလာ တယ်။ ရေတွေ ပိုနောက်လာတယ်။ မြစ်ဘေးမှာသာ ဒီစက်ရုံကို ဆောက်မယ်ဆိုရင် ကျွန်တော်တို့လို မြစ်ဘေးကရွာတွေ ဘယ်မှာ သွားနေရမလဲ” ဟု စီမံကိန်းအား ကန့်ကွက်လက်မှတ် ကောက်ခံနေသူ မထုကျေးရွာသား ကိုထွန်းမြင့်ရွှင်က မြစ်ပြင်ကို ငေးရင်း ပြောလိုက်သည်။


စီမံကိန်းအပေါ် ယတိပြတ် လက်မခံသူများလည်း ရှိသလို လတ်တလော လက်ခံထားသူများလည်း ရှိနေသည်။ မစိန်ကျေးရွာတွင် ၂၄ နာရီ လျှပ်စစ်မီး ခြောက်လ အခမဲ့ပေးမည် ဖြစ်ကြောင်း၊ အလုပ်လက်မဲ့များကို အလုပ်ခန့်မည်ဟု ပြောသဖြင့် သဘောကျကြောင်း၊ ရင်းနှီးမှုနည်းပြီး အမြတ်များများရလျှင် သဘောကျကြောင်း မစိန်ကျေးရွာမှ အသက် ၆၀ အရွယ်ရှိ ဝန်ထမ်းအငြိမ်းစား ဦးစန်းအောင်က ပြောပြသည်။

အဆိုပါ ကျောက်မီးသွေးစက်ရုံ စီမံကိန်း၏ ရည်ရွယ်ချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးနှင့် အခြား တိုင်းဒေသကြီးများအတွက် အရေးတကြီး လိုအပ်နေသော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်း ပေးနိုင်ရန်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဒေသခံလူထုကို အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ထားကြောင်း သြဂုတ်လ အတွင်းက ပြုလုပ်သော စီမံကိန်းဝန်းကျင် ကျေးရွာများနှင့် တွေ့ဆုံပွဲတွင် ကုမ္ပဏီဘက်မှ ပြောဆိုထားသည်။

မည်သို့ပင် ဆိုစေကာမူ ကလေးဝမြို့နယ်အတွင်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ရန် ဒုတိယအကြိမ် ခြေလှမ်းလာခြင်း ဖြစ်ပြီး ဒေသခံများ ဘက်ကမူ စီမံကိန်းနှင့် ပတ်သက်ပြီး မည်သည့် အကြောင်းအရာကိုမျှ တိတိကျကျ သိထားခြင်း မရှိကြပေ။
“ဒီရွာက ပညာတတ် ဘွဲ့ရတွေ မရှိဘူး။ ဆယ်တန်းကျ သုံးယောက်ရှိတယ်။ သူတို့က အမြင့်ဆုံးပဲ။ စီမံကိန်းနှင့် ပတ်သက်ပြီး ရုတ်တရက် ဝမ်းသာမိပေမယ့် တွေးရင်းတွေးရင်း ဝမ်းနည်းမိတယ်။ ဒေသကို ထိခိုက်မှာတွေ တွေးမိလာတယ်။ ကိုယ့်ရွာမှာ အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်ပြီးတော့ပဲ နေချင်တယ်။ တကယ်လို့ ဒေသက သဘောမတူဘဲ စက်ရုံ လာဆောက်ရင် ကျွန်တော်တို့ မိသားစု ဒီရွာကနေ ရွှေ့မယ်” ဟု စက်ရုံ တည်ဆောက်မည့် နေရာနှင့် တစ်မိုင်သုံးဖာလုံသာ ဝေးကွာသော နန်းမော်ကယ် ကျေးရွာမှ ရွာမိရွာဖ ဦးဝင်းတူးက သူ၏ဆန္ဒ သဘောထားကို ယတိပြတ် ထုတ်ဖော် ပြောကြားသည်။


ယင်းစီမံကိန်းအား လုပ်ဆောင်ဖြစ်မည်ဆိုလျှင် ကျောက်မီးသွေးသုံး စက်ရုံမှ ကျမည့် ပြဒါး၊ ခဲ၊ စိန် ဓာတ်တို့ ပါဝင်သော ပြာမှုန်များ မြစ်အတွင်း ရောက်ပါက ငါးနှင့် ရေနေ သတ္တဝါများမှ စားသောက်မည် ဖြစ်သည်။ ထိုငါးများအား လူများ စားသုံးမိလျှင် …၊ တွေးစရာ မလိုအောင်ပင်။ ပြာလှောင်ကန်များ လုပ်မည် ဆိုလျှင်လည်း မိုးရာသီကာလတွင် ထိုကန်များ ကျိုးပေါက်ခြင်း၊ ယိုစိမ့်ခြင်းများ ဖြစ်ပေါ်လာနိုင်သည်။ မြေအောက်ရေမှတစ်ဆင့် ချင်းတွင်းမြစ် အတွင်းသို့ သေချာပေါက် ရောက်ရှိမည် ဖြစ်သည်။ သို့ဆိုလျှင် မြစ်အတွင်း နေ့စဉ် အဆိပ်ခတ်နေသလို ဖြစ်ပေလိမ့်မည်။

ချင်းတွင်း မြစ်ကမ်းဘေး ကျေးရွာများမှာ လယ်ယာကို အဓိက လုပ်ကိုင်သူများ ဖြစ်ကြပြီး သောက်ရေ၊ သုံးရေအတွက် ချင်းတွင်းမြစ်ကိုသာ မှီခိုနေရသည်။ နေအိမ်များမှာလည်း ကမ်းပါးထက်တွင် တည်ဆောက်ထားကြပြီး ကမ်းပါးပြိုမှု များကြောင့် နောက်ဆုတ် ရွှေ့ပြောင်းနေကြရသည်မှာ နှစ်စဉ် ဖြစ်သည်။ ယင်းစီမံကိန်း အပေါ်တွင် ဒေသခံများ၏ စိုးရိမ်စိတ်များကို နှစ်သိမ့်ပေးမည့် အခြေအနေမှာ ဖြစ်ပေါ်မလာသေး။ ဒေသခံများ အနေနှင့် စီမံကိန်းနှင့် ပတ်သက်၍ စိုးရိမ်မှု ရှိသည်၊ လက်မခံနိုင်၊ ကန့်ကွက်မည် ဆိုသည်လောက်နှင့်သာ မဖြစ်သင့်ဘဲ ကုမ္ပဏီဘက်က ပေးသော မက်လုံးများ၊ ဒေသခံတို့ဘက်က တောင်းဆိုမည့် ရပိုင်ခွင့်များ၊ သို့မဟုတ် အခြားမည်သည့်နိုင်ငံမှ ကုမ္ပဏီတို့ ဝင်ရောက် လာဦးမည်၊ မည်သို့မည်ပုံ ဖြစ်လာဦးမည်ကိုတော့ ဆက်လက် စောင့်စားရမည် ဖြစ်သည်။

စီမံကိန်းဝန်းကျင် ကျေးရွာများမှ ပြန်ထွက်ခဲ့တော့ မိုးချုပ်နေပြီ။ ချင်းတွင်းမြစ် အတွင်းမှ တိုက်ခတ်လာသော အေးမြလေညှင်းကို ရှူရှိုက်ရင်း နောက်တစ်ဖန် ပြန်ရောက်လာလျှင် ဒီလိုလေကို ရဲရဲရှူရှိုက်နိုင်ပါ့မလားဟု တွေးမိသည်။

မြတ် (ကလေး)
The Voice Weekly