တောင်ကြီး တန်ဆောင်တိုင် ပွဲတော်တွင် ဗုံးပေါက်ကွဲမှု မဖြစ်ပွားစေရန် လုံခြုံရေးအတွက် ကြိုတင်လေ့ကျင့်နေ

ပို့စ်တင်ချိန် - 11/07/2013 12:33:00 PM


တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းသစ်ကြီးတွင် လုံခြုံရေးအတွက် ဇာတ်တိုက် လေ့ကျင့်နေမှုကို နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ်
နှစ်စဉ် ပြည်တွင်းခရီးသွား ဧည့်သည်များနှင့် ကမ္ဘာလှည့် ခရီးသွားဧည့်သည် အများဆုံး လာရောက်လည်ပတ်သည့် ရှမ်းပြည်နယ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပွဲတော်တွင် ဗုံးပေါက်ကွဲမှုများနှင့် ထိတ်လန့်မှုများ မဖြစ်ပွားစေရန် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ ကြိုတင်လေ့ကျင်မှုများနှင့် CCTV ကင်မရာ ၄၁ လုံးကို တပ်ဆင်ထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းထွန်းက နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင်  ပြောကြားခဲ့သည်။
ထို့အပြင် တောင်ကြီး တန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာ ပြီးစီးရန်အတွက် တောင်ကြီးမြို့အတွင်း စစ်ဆေးမှုများ၊ မိုင်းရှာဖွေမှုများ၊ သောက်စားမူးယစ် ရမ်းကားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုများကို ထိရောက်စွာ စစ်ဆေး ဆောင်ရွက်မှုများ ရှိကြောင်း သိရသည်။
"ပွဲတော် ကာလအတွင်းမှာ မှုခင်းဖြစ်စဉ်တစ်ခုမှ မဖြစ်စေဖို့ လုံခြုံရေးအရရော ကြိုတင်ကာကွယ်တဲ့ အပိုင်းကိုပါ ဆောင်ရွက်နေပါတယ်။ တောင်ကြီးမြို့ တစ်မြို့လုံးကိုလည်း ရှာဖွေစစ်ဆေးနေတယ်။ အဓိကကတော့ မီးပုံးပျံပွဲတော်ကျင်းပမယ့်  အဝေရာ မီးပုံးပျံကွင်းသစ်မှာလည်း လုံခြုံရေးအပိုင်းကိုလည်း အထူး ဆောင်ရွက်သွားမှာပါ၊ တောင်ကြီးမြို့နယ်အတွင်းမှာ CCTV ကင်မရာ အလုံး ၃၀ နဲ့ အဝေရာ မီးပုံးပျံကွင်းသစ်မှာ CCTV ကင်မရာ ၁၁ လုံး တပ်ဆင်ထားပါတယ်" ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ၀င်းထွန်းက နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင်  ပြောကြားခဲ့သည်။
အဆိုပါ ပွဲတော်ကာလအတွင်း အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက တားဆီး ထိန်းသိမ်းနိုင်ရန်အတွက် နိုဝင်ဘာ ၂ ရက်မှ စတင်၍ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေ နီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက လုံခြုံရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်နေကြောင်း တန်ဆောင်တိုင် ပွဲတော် လုံခြုံရေးဆပ်ကော်မတီ အတွင်းရေးမှူးက ဆိုသည်။
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၁၀ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ပွဲတော်အတွက် လုံခြုံရေးအင်အား တစ်ထောင်ဝန်းကျင်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Eleven Media Group