လျှပ်စစ်မီတာခ

ပို့စ်တင်ချိန် - 11/11/2013 08:56:00 AM


၂၀၁၃ ခုနှစ် အောက်တိုဘာ နောက်ဆုံးပတ်က လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက လျှပ်စစ် ဓာတ်အားခကို တိုးမြှင့် ကောက်ခံကြောင်း ထုတ်ပြန်လိုက်သည့်အပေါ် ပြည်သူများအကြား ဝေဖန် ပြောဆိုမှုများနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်နှင့် လျှပ်စစ် ဓာတ်အားခ မြင့်တက်ခြင်း ကိစ္စကို အောက်တိုဘာလ ၇ ရက်နေ့တွင် ပြည်သူများနှင့် အလုပ်ရုံ ဆွေးနွေးပွဲလုပ်ကာ သမ္မတထံ တင်ပြမည်ဆိုသူ တက်ကြွလှုပ်ရှားသူ ဦးမိုဃ်းသွေးတို့၏ အမြင်များကို မေးမြန်း ကောက်နုတ် ဖော်ပြအပ်ပါသည်။


တက်ကြွလှုပ်ရှားသူ ဦးမိုဃ်းသွေးနှင့် တွေ့ဆုံခြင်း

Voice : လက်ရှိ မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီး ပေးဝေမှုအပေါ် ဘယ်လို မြင်ပါသလဲ။ အဲဒါနဲ့ ပတ်သက်ပြီး ကိုမိုးဃ်းသွေးတို့လည်း ဆွေးနွေးပွဲ လုပ်တော့မယ် ဆိုတော့လေ။

UMT : တိုင်းပြည်မှာ ရေအားလျှပ်စစ် စီမံကိန်းတွေ၊ သဘာဝ ဓာတ်ငွေ့က ထုတ်တဲ့ လျှပ်စစ် စီမံကိန်းတွေ အများကြီး ရှိတယ်။ ပြီးတော့ အဲဒီကထုတ်တဲ့ လျှပ်စစ်တွေကို တိုင်းတစ်ပါးကို ရောင်းစားတယ်။ ထိုင်း နိုင်ငံရဲ့ ၇၅ ရာခိုင်နှုန်းက ကျွန်တော်တို့ဆီက သဘာဝဓာတ်ငွေ့ကြောင့် လင်းနေတာ။ ထားဝယ် သဘာဝဓာတ်ငွေ့ကနေ ပို့နေတယ်။ ဆိုတော့ ကျွန်တော်တို့ တိုင်းပြည်က လူတွေက လျှပ်စစ်မီးကို ပြည့်ပြည့်ဝဝ မခံစားရဘူး။ ပြီးတော့ မရှိရှိတဲ့ မီးလေးကလည်း ပုံမှန် မလာတဲ့အပြင် နေရာစုံလည်း မရဘူး။ ဒီ့အပြင် ထပ်ပြီး ဈေးတက်ဦးမယ် ဆိုတာကလည်း တော်တော်လေး ပြဿနာ ရှိတယ်။ အမှန် ဒီလိုဈေးတက်ဖို့ ဆိုတာကလည်း တိုင်းပြည်စီးပွားရေး တက်လာလို့ လူတစ်ဦးချင်းစီရဲ့ ပျမ်းမျှ ဝင်ငွေတွေ တက်လာလို့ ဒါမျိုး တက်ယူတယ်ဆို အကြောင်း မဟုတ်ဘူး။ အခုဟာက လက်ရှိ အစိုးရလက်ထက်မှာ လူတွေရဲ့ စီးပွားရေး အခြေအနေတွေ သိသာတဲ့ အပြောင်းအလဲ မရှိသေးဘူး။ နိုင်ငံရေး အပြောင်းအလဲတော့ တချို့ ရှိတယ်။ လူမှုရေး အပြောင်းအလဲတွေလည်း ရှိတာ မှန်တယ်။ ဒါကလည်း အစိုးရ ကိုယ်တိုင် ဖော်ဆောင်နေတာ။ အဲလိုအခြေအနေမှာ လျှပ်စစ် မီတာခကို တက်လိုက်တယ် ဆိုတာ တော်တော်လေး မသင့်လျော်ဘူး။ ပြည်သူလူထုကို ဒုက္ခ ရောက်စေတယ်။ သူတို့ ပြောကြတဲ့ အကြောင်းပြချက် ရှိတယ်ပေါ့ဗျာ။ စီးပွားရေး လုပ်ငန်းရှင်တွေကို အဓိကထားပြီး တက်တယ်ပေါ့။ ဆိုတော့ စီးပွားရေး လုပ်ငန်းရှင် ကလည်း ရှင်းရှင်းလေးပဲ လျှပ်စစ် မီတာခ တက်သွားတယ်။ ရေဖိုး တက်သွားတယ်။ ကုန်ကြမ်းဖိုး တက်သွားတယ်ဆိုရင် ကုန်ချောမှာ ဈေးပို ယူလိုက်တယ်။ သူကတော့ အနစ်နာ ခံမှာတော့ မဟုတ်ဘူး။ အဲဒီမှာ သူတို့က ပိုပြီးတော့ အမြတ်ရဖို့တောင် ရှိတယ်။

Voice : မြန်မာနိုင်ငံရဲ့ လျှပ်စစ် ဓာတ်အားခက အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ရင် သက်သာ နေပါသေးတယ်လို့ ပြောတာလည်း ရှိတယ်။ ဒီအပေါ် ဘယ်လို မြင်ပါသလဲ။

UMT : ဟုတ်ကဲ့ ထိုင်းမှာ တစ်ယူနစ် လေးဘတ်ဆိုတာ ဖြစ်နိုင်ပါတယ်။လေးဘတ်ကို မြန်မာငွေနဲ့ ပြန်တွက်ကြည့် ရင် ၁၀၀ ကျော်လောက် ရှိမယ်ပေါ့။သို့သော်လည်း ကျွန်တော် သိသလောက် ယူနစ် တစ်ရာအောက်ကို ပြည်သူကို အလကား ပေးသုံးထားတယ်။ Limit တစ်ခုတော့ ရှိတယ်။ ပိုသုံးမှသာ တောင်းတာ။ နောက် တစ်ယူနစ် လေးဘတ်ပဲ ယူတဲ့ အချိန်မှာ သူတို့နိုင်ငံရဲ့ အနိမ့်ဆုံး လစာက ဘယ်လောက်လဲ ဆိုတာကို ပြန်ကြည့်ရမယ်။သိသလောက် အနိမ့်ဆုံး လစာက တစ်လကို ဘတ် တစ်သောင်းခွဲ၊ နှစ်သောင်းလောက် ရှိတယ်။ အဲဒါနဲ့ နှိုင်းယှဉ်ပြီး သွားရမယ်။ မြန်မာပြည်မှာက မကြာသေးခင်ကမှ အနိမ့်ဆုံးလစာ သတ်မှတ်ခဲ့တာက ကျပ် လေးသောင်းကျော်၊ ငါးသောင်းလောက်ပဲ ရှိတာ။ ဒါတောင် အတည်တောင် မပြုရသေးလို့ အလုပ်သမားတွေ မရသေးပါဘူး။ အဲဒီလို လစာ ဝင်ငွေ ရှိတဲ့သူ တစ်ယောက်အတွက် အိမ်ထောင်တစ်ခုရဲ့ မီတာခက တစ်သောင်းကျော်ကျ နေမယ်ဆိုရင် သမ္မတ ပြောနေတဲ့ ဆင်းရဲမွဲတေမှုက ဘယ်တော့ ပျောက်မှာလဲ။နောက်တစ်ခုက မီတာခလို ဟာမျိုးက တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ကိစ္စ။ အဲဒါမျိုးကို ဈေး ပြောင်းချင်တယ်၊ ဈေး တက်ချင်တယ် ဆိုရင် သေသေချာချာ သုတေသနတွေ လုပ်ရမယ်။ လုပ်ပြီးတဲ့ အခါမှာလည်း ချက်ချင်း တက်လို့ မရဘူး။ လူထု တစ်ရပ်လုံးကို ထိခိုက်မယ့် ကိစ္စဖြစ်တဲ့အတွက် တက်မယ် ဆိုလည်း အနည်းဆုံး ခြောက်လလောက် ကြိုတင် ကြေညာရမယ်။ အဲဒီတော့မှ တဖြည်းဖြည်းတက်တဲ့ ပုံစံမျိုး သွားမလား။ ရာခိုင်နှုန်း နည်းနည်းစီး တိုးသွားတဲ့ ပုံမျိုး သွားမလား၊ အကယ်၍ မဖြစ်မနေ လုပ်ရပြီ ဆိုတောင်မှ အဲဒီလိုမျိုးပဲ ဖြစ်သင့်တယ်။ အခုဟာက ကျွန်တော်တို့တော့ ဆုံးဖြတ်လိုက်ပြီ။ နောက်လမှာ တက်တော့မယ်လို့ လုပ်လိုက်တာက အရမ်းကို ပြည်သူကို မထေမဲ့မြင် လုပ်လွန်းရာ ကျတယ်လို့ မြင်တယ်။

Voice : လွန်ခဲ့တဲ့ တစ်နှစ် ဝန်းကျင်လောက်က လျှပ်စစ် ဖြန့်ဖြူးဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေကို တင်ဒါခေါ်တယ်။ ဆိုတော့ အခုလိုမျိုး မီတာခတက်တယ် ဆိုတာက ဒီလိုမျိုး ဖြန့်ဖြူးခွင့် ပေးထားတဲ့ ကုမ္ပဏီတွေအတွက် စဉ်းစားပေးတယ်လို့ရော ထင်သလားဗျ။

UMT : အဲဒါလည်း ဖြစ်နိုင်ပါတယ်။ အလုံ ဓာတ်အားပေး စက်ရုံဆိုလည်း ထိုင်းက ထောက်ပံ့ ပေးထားတယ်လို့ ကြားတယ်။ နောက် ရွှေတောင်တို့၊ အေးရှားဝေါလ် တို့လိုပေါ့။ သူတို့လည်း လုပ်နေတယ်လို့ ကြားတယ်။ ဆိုလိုချင်တာက အဲဒီ ကုမ္ပဏီတွေနဲ့ လျှပ်စစ် ဝန်ကြီးဌာနတို့ကြား ဘယ်လို သဘောတူညီမှုနဲ့ သွားနေလဲ။ ဘယ်လိုဈေးနဲ့ သွားနေလဲ။ အဲဒါတွေကို ကျွန်တော်တို့ ပြည်သူ မသိရဘူး။ နောက်တစ်ခုက ဒီကုမ္ပဏီတွေကို ချထားပေးတဲ့ တင်ဒါတွေ၊ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးခွင့်တွေက ဘယ်လို သဘောတူညီမှုနဲ့ ပေးထားတာလဲ။ အဲဒါတွေလည်း မသိရဘူး။ အဲဒီအပေါ်မှာ အများကြီး သံသယ ဖြစ်စရာ ရှိတယ်။ ပွင့်လင်း မြင်သာမှု လုံးဝ မရှိဘူး။



ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်နှင့် တွေ့ဆုံခြင်း

Voice : လက်ရှိ မြန်မာနိုင်ငံရဲ့ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေလေး သိပါရစေ။

UAK : မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေတဲ့ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ ၁၈ ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ တစ်ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ ၁၀ ရုံ၊ စုစုပေါင်း ၂၉ ရုံ ရှိပါတယ်။ ထုတ်လုပ်ပေးနိုင်မှု အနေနဲ့ကတော့ မိုးကာလမှာ ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံတွေက ဓာတ်အား ပမာဏ အများဆုံး ၁၂၇၀ မဂ္ဂါဝပ်လောက် ထုတ်ပေးနိုင်ပေမယ့် နွေရာသီ ဆည်ရေ လျော့ကျတာကြောင့် ဓာတ်အားပမာဏ ၁၀၀၀ မဂ္ဂါဝပ်လောက်သာ ထုတ်နိုင်ပါတယ်။ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများဟာ ဆိုရင် တစ်နှစ်လုံး ဓာတ်ငွေ့နဲ့ လည်ရတာကြောင့် တစ်နှစ် ပျမ်းမျှ ၃၄၀ မဂ္ဂါဝပ်လောက် ထုတ်နိုင်ပါတယ်။ ကျောက်မီးသွေး၊ ရေအား လျှပ်စစ်နဲ့ ဓာတ်ငွေ့စက်ရုံတွေ ပေါင်းပြီး ဓာတ်အား ထုတ်လုပ်နိုင်မှုဟာ မိုးမှာ အများဆုံး ၁၆၁၀ မဂ္ဂါဝပ်၊ နွေမှာ အများဆုံး ၁၃၄၀ မဂ္ဂါဝပ်လောက်ပဲ ထုတ်ပေးနိုင် ပါတယ်။ လျှပ်စစ်သုံးစွဲမှု အနေနဲ့ ကြည့်မယ်ဆိုရင် မိုးကာလမှာ အများဆုံး ၁၅၆၀ မဂ္ဂါဝပ် သုံးတာကြောင့် ထုတ်လုပ်မှုဟာ သုံးစွဲမှုထက် ပိုတာကြောင့် အများပြည်သူ၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းတွေကို ဓာတ်အား ပြည့်ဝစွာ ဖြန့်ဖြူး ပေးနိုင်ပါတယ်။ နွေရာသီ ပူတဲ့ ရာသီဥတုကြောင့် ဒေသအသီးသီး ဓာတ်အားသုံးစွဲမှုဟာ မိုးကာလထက် ပိုမို များပြားတာ ရှိပါတယ်။ အများဆုံး သုံးစွဲမှုက ၁၈၅၀ မဂ္ဂါဝပ် ရှိတဲ့အတွက် နွေရာသီ အများဆုံး ထုတ်လုပ်မှု ၁၃၄၀ မဂ္ဂါဝပ်ထက် များပြားတာကြောင့် ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးနိုင်ခြင်း မရှိဘဲ အုပ်စု သုံးစု ခွဲပြီး အလှည့်ကျ ဓာတ်အားပေး စနစ်မျိုးနဲ့ လုပ်ဆောင်ခဲ့ရ ပါတယ်။

Voice : ဒီတော့ ထုတ်လုပ်မှုနဲ့ သုံးစွဲမှု ပမာဏ ကိုက်ညီအောင် ဘယ်လိုစီမံ ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

UAK : အခုထက်ထိ ပြည်သူ အားလုံးရဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲ လျှပ်စစ် သုံးစွဲခွင့် ရပါသေးတယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းသော ပြည်သူတွေအတွက် ဆောင်ရွက်ပေးဖို့ လိုအပ်တဲ့ မြို့ပေါင်း ၃၉၆ မြို့မှာ ၂၂၄ မြို့ လောက်ပဲ လျှပ်စစ်မီး ရသေးသလို ရွာပေါင်း ၆၄,၃၄၆ ရွာထဲက ၂၁,၆၇၅ ရွာလောက်ပဲ လျှပ်စစ်မီး ရပါသေးတယ်။ ဆိုတော့ လျှပ်စစ်မီးရဖို့ လိုတဲ့ မြို့ရွာတွေအတွက် ဓာတ်အားပေး စက်ရုံတွေ၊ မဟာဓာတ်အား လိုင်းတွေ၊ ပင်မခွဲရုံတွေ၊ ဓာတ်အား ဖြန့်ဖြူးရေး လိုင်းတွေ ဓာတ်အားခွဲရုံတွေ တည်ဆောက်ပေးဖို့ ရှိပါတယ်။ ဒါတွေက ထပ်ပြီး အသစ်တပ်ဆင် တည်ဆောက်ရမှာ ဖြစ်တာကြောင့် ငွေကြေး အရင်းအနှီး အများကြီး လိုအပ်ပါတယ်။

Voice : ဟုတ်ကဲ့ပါ ခင်ဗျ။မကြာသေးခင် ရက်ပိုင်းက လျှပ်စစ် ဓာတ်အား တိုးမြှင့်လိုက်တဲ့အပေါ် လူထုက ပြောကြပါတယ်။ ဘာလဲ ဆိုတော့ ဓာတ်အားခ တိုးကောက်ပေမယ့် ပုံမှန် လျှပ်စစ်မီး အပြည့်မပေးနိုင်ဘူး ပုံမှန် အတိုင်းပဲ မီး ဆက်ပြတ်နေတယ်ပေါ့။ အဲဒီ အပေါ်မှာရော ဥက္ကဋ္ဌ အနေနဲ့ ဘာများ ပြောလိုပါသလဲ။

UAK : ကျွန်တော်တို့ လျှပ်စစ်နဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှု အားလုံးအတွက် လက်ရှိမှာ နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေက ကျခံ သုံးစွဲဖို့ ရှိပါတယ်။ နောက် ဖြန့်ဖြူးတဲ့ နေရာကနေ သုံးစွဲတဲ့ သူတွေဆီ ဓာတ်အား အပြည့်အဝရဖို့ အခု ရှိနေတဲ့ ဓာတ်အားပေး စက်ရုံတွေ၊ ဓာတ်အားလိုင်းတွေ၊ ဓာတ်အားခွဲ ရုံးတွေဟာ သက်တမ်းအားဖြင့် ကြာမြင့်နေတဲ့အတွက် ဒါတွေ ကောင်းကောင်း လည်ပတ်ဖို့ကို စက်ပစ္စည်းတွေကို အစားထိုး ပြင်ဆင် တပ်ဆင် မွမ်းမံခြင်းတွေကို လုပ်ပေးဖို့ ရှိပါတယ်။ ဒီလိုပြုပြင် ထိန်းသိမ်းဖို့ ဆိုတာကလည်း ခုနက ပြောသလို ငွေကြေး အရင်းအနှီး လိုတယ်လေ။ နောက်ပြီး လျှပ်စစ် ဓာတ်အား လိုအပ်ချက်က တစ်နှစ်ကို ၁၅ ရာခိုင်နှုန်းလောက် တိုးလာတဲ့အတွက် သယ်ပို့ဖြန့်ဖြုး စနစ်တွေကိုပါ တိုးချဲ့ တည်ဆောက်ပေးဖို့ လိုနေပါတယ်။ အဲဒီလို ကုန်ကျစရိတ်တွေ အပါအဝင် ထုတ်လုပ်မှု ကုန်ကျစရိတ်အရ ကျောက်မီးသွေးဆို တစ်ယူနစ် ၁၀၀ ကျပ်၊ သဘာဝ ဓာတ်ငွေ့နဲ့ ထုတ်ရင် ၁၃၀ ကျပ်၊ ရေအားနဲ့ ထုတ်မယ် ဆိုရင် ၅၀ ကျပ်ကနေ ၇၀ အထိ ကုန်ကျ စရိတ် ရှိပါတယ်။ ဒါတောင် သယ်ပို့ဖြန့်ဖြူး စရိတ် မပါသေးပါဘူး။ ဆိုတော့ မီတာခ မတက်ခင် အထိကို အိမ်သုံးဆို ၃၅ ကျပ်၊ စက်ရုံနဲ့ စီးပွားရေး လုပ်ငန်းဆိုရင် ၇၅ ကျပ် သတ်မှတ်ပြီး မီတာခ ကောက်ခဲ့ပါတယ်။ အဲလို အခြေအနေမှာ ဌာနအနေနဲ့ တစ်ယူနစ် ပျမ်းမျှ ရောင်းဈေး ၅၆ ကျပ်သာ ရတာ ဖြစ်တဲ့အတွက် တစ်ယူနစ် ထုတ်ပြီးရောင်းတိုင်း ၂၂ ကျပ် ရှုံးတယ်။ တစ်နှစ် ဆိုရင် ၁၈၅ ဘီလီယံကျပ်ထိကို ရှုံးခဲ့တယ်။ ဒါကိုလည်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေနဲ့ အရှုံးခံ စိုက်ထုတ် ဓာတ်အား ပေးခဲ့ရတယ်။ အခုဆို လျှပ်စစ်ကဏ္ဍာမှာ နိုင်ငံတော် ဘဏ္ဍာ လျှော့ချ သုံးစွဲနိုင်ဖို့ နိုင်ငံတော်ပိုင် ဓာတ်အား ထုတ်လုပ်၊ သယ်ပို့၊ ဖြန့်ဖြူးမှု သာမကဘူး ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ပြီး ပါဝင် လုပ်ကိုင်နိုင်ဖို့ စီမံ ဆောင်ရွက်နေပါတယ်။

Voice : မီတာခ တိုးကောက်တဲ့အပေါ် ပြည်သူတွေကို ဘယ်လိုကြောင့် တက်ရတယ် ဆိုတာ အသိပေးခြင်း မရှိသလို ပွင့်လင်းမြင်သာမှု မရှိဘူးလို့လည်း ပြောကြပါတယ်။ တက်မယ့်ကိစ္စကို ပွင့်လင်းမြင်သာမှု ရှိရှိ ချပြပြီးမှ တက်သင့်တယ်။ လူတွေရဲ့အသံကို နားထောင်ပြီးမှ တက်သင့်တယ်လို့ ဆိုကြ ပါတယ်။ ဒီအပေါ် ဘာများ ပြောလိုပါသလဲ။

UAK : အစိုးရသစ် လက်ထက်မှာ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်နဲ့ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့လို အဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ကဏ္ဍအပေါ် ဘဏ္ဍာရေးဆိုင်ရာ ရှင်သန်နိုင်ဖို့ ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ ကာမိနိုင်တဲ့ ဓာတ်အားခ နှုန်းထားတစ်ခုကို သတ်မှတ်သင့်တယ်လို့ တိုက်တွန်းကြပါတယ်။ နောက်ပြီး ဓာတ်အား ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဆီက တစ်ဆင့် ဝယ်ယူရမယ့် ဓာတ်အား ဝယ်ယူမှု ကုန်ကျစရိတ်တွေကို အတတ်နိုင်ဆုံး ကာမိစေဖို့ သင့်တင့်လျောက်ပတ်တဲ့ ဓာတ်အားခ နှုန်းထား ပြင်ဆင် သတ်မှတ်ဖို့ လိုပါတယ်။ ဒီကိစ္စကို အကြိမ်ပေါင်းမနည်း ဆွေးနွေးပြီးမှ လုပ်ဆောင်ခဲ့တာပါ။

Voice : ကျေးဇူးတင်ပါတယ်။ ဘာများ ထပ်ဖြည့် ပြောလိုပါသေးလဲ။

UAK : နောက်ဆုံး ပြောလိုတာက နိုင်ငံတော်က စိုက်ထုတ် ကုန်ကျခံနေရတဲ့ လျှပ်စစ်ဓာတ်အား ကဏ္ဍာဟာ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည့်မီအောင် ဆောက်ရွက်နိုင်စွမ်း မရှိတာကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို အတတ်နိုင်ဆုံး ကာမိစေဖို့ ဖွံ့ဖြိုး တိုးတက်ရေးကို အတိုင်းအတာ တစ်ရပ်အထိ ဆောင်ရွက်နိုင်ဖို့ ဓာတ်အားခ နှုန်းတွေကို ပြင်ဆင် သတ်မှတ်ရတာ ဖြစ်သလို အခု တိုးလိုက်တဲ့ ဓာတ်အားခ ကောက်ခံစနစ်ဟာ ဆိုရင် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဆောင်ရွက်နေတဲ့ အတိုင်း အခြေခံလူတန်းစားတွေ အတွက် သက်သာချောင်ချိမှု ရရှိစေနိုင်တဲ့ အလွှာလိုက် ဓာတ်အား ကောက်ခံတဲ့ စနစ်ကို ဆောက်ရွက်တာ ဖြစ်ပါတယ်။ နောက် တစ်ချက်က ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ ကာမိတဲ့ ဓာတ်အားခနှုန်း ရထားတဲ့ အခါကျမှ ဒီကဏ္ဍမှာ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာမှာပါ။

မင်းမျိုး
The Voice Weekly