အကျင့်သိက္ခာနှင့် မညီသည့် ဘုရားဂေါပကများကို ဂေါပကစည်းမျဉ်းဥပဒေဖြင့် ထိန်းမတ်မည်ဟု ဝန်ကြီးပြော

ပို့စ်တင်ချိန် - 11/03/2013 09:50:00 AM


အေးမြင့်စန်း

စေတီပုထိုးများတွင် တာဝန်ယူနေသည့် ဘုရားဂေါပကတစ်ချို့၏ အကျင့်သိက္ခာ ပျက်ယွင်းမှုများကို ဂေါပကအဖွဲ့စည်းမျဉ်းဥပဒေဖြင့် ထိန်းမတ်သွားမည်ဟု သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောသည်။


ရန်ကုန်မြို့ ကမ္ဘာအေးမြို့နယ်ရှိ သာသနာရေးဝန်ကြီးဌာနရုံးတွင် နိုဝင်ဘာလ ၂ရက်က ပြုလုပ်သည့် စာနယ်ဇင်းသမားများနှင့် တွေ့ဆုံပွဲတွင် ဝန်ကြီးဦးဆန်းဆင့်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။


“သံဃာပစ္စည်း၊ ဘုရားပစ္စည်းတွေကို ဘုရားဂေါပကတွေက သူတို့ပိုင်ပစ္စည်းဆိုပြီး မှတ်နေကြတယ်၊ စေတီပုထိုးတွေကို အများပြည်သူကလှူဒါန်းတဲ့ အပေါ် ဂေါပကတွေရဲ့ အားနည်းချက်ကြောင့် မသင့်လျော်တာတွေ တွေ့နေရတယ်။ ဂေါပက စည်းမျဉ်းများနဲ့ ထိန်းကျောင်းသွားဖို့ စီစဉ်ဆောင်ရွက်နေတယ်” ဟု ဝန်ကြီးဦးဆန်းဆင့်က ပြောကြားသည်။


ဂေါပကအဖွဲ့စည်းမျဉ်း ဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲပြီးဖြစ်ရာ ဥပဒေမူကြမ်းကို သံဃ့ာမဟာနာယကအဖွဲ့ထံ တင်ပြခြင်းနှင့် အများပြည်သူ ဝေဖန်အကြံပြုနိုင်ရန် သတင်းမီဒီယာများမှတဆင့် ပွင့်လင်းမြင်သာစွာ အသိပေးသွားမည်ဖြစ်သည်။


ယင်းဥပဒေတွင် ဘုရားဂေါပကများကို အများပြည်သူဆန္ဒမဲများဖြင့် လွတ်လတ်စွာ မဲပေးရွေးချယ်နိုင်မည်ဖြစ်ပြီး ဂေါပကတစ်ဦးတွင်ရှိရမည့် စည်းမျဉ်းများနှင့် မကိုက်ညီပါက တာဝန်မှရပ်နားသည်အထိ ပြစ်မှု၊ ပြစ်ဒဏ် ကျခံရမည်ဟု ထည့်သွင်းရေးဆွဲထားသည်ဟု ဦးဆန်းဆင့်က ပြောသည်။


ဂေါပကစည်းမျဉ်း ဥပဒေကို ၁၉၆၃ခုနှစ်က ပြဋ္ဌာန်းခဲ့ရာ လက်ရှိတွင် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှုမရှိတော့သည့်အတွက် ဥပဒေဟောင်းကို ဖျက်သိမ်းရန် ဥပဒေအသစ်ကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ယင်းဂေါပကအဖွဲ့စည်းမျဉ်းဥပဒေတွင် အခန်း၁၉ခန်းပါဝင်ပြီး ပုဒ်မပေါင်း ၁၀၆ခုပါဝင်မည်ဟု ဝန်ကြီးက ရှင်းပြသည်။


ထို့အပြင် သာသနာရေးဝန်ကြီးဌာနက သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို ချီးမြှင့်သည့် ဘွဲ့တံဆိပ်များရသူဦးရေ များပြားလာသည့်အတွက် ဘွဲ့တံဆိပ်ဖောင်းပွမှုကိုလည်း စိစစ်ကာ ထိန်းချုပ်သွားမည်ဟု ဆိုသည်။


သာသနာရေးဝန်ကြီးဌာနသည် ဖြေလျော့မှုများအနေဖြင့် သံဃာတော်များတွင် အလှူရှင်များက လှူဒါန်းသည့် မော်တော်ယာဉ်များကို သံဃာတော်များ အခွန်ကင်းလွတ်စွာ စီးနင်းနိုင်ရန် ဝန်ကြီးဌာနမှ ထောက်ခံချက်လုပ်ပေးခြင်း၊ ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်များ၊ အခမ်းအနားပြုလုပ်ခြင်းကို သာသနာရေးဝန်ကြီးဌာနတွင် ခွင့်ပြုချက်ယူရန်မလိုဘဲ မြို့နယ်ရပ်ကွက်များတွင် လွတ်လပ်စွာကျင်းပခွင့်ရရန် ဆောင်ရွက်ပေးမည်ဖြစ်သည်။


“သံဃာ့နာယကအဖွဲ့ကြီးကို သာသနာရေးဝန်ကြီးဌာနက ထိန်းချုပ်နေတယ်ဆိုတာလုံးဝမဟုတ်ပါဘူး၊ သာသနာရေးဝန်ကြီးဌာနသည် သံဃာ့နာယကအဖွဲ့က ဆရာတော်ကြီးများရဲ့ သြ၀ါဒကိုခံယူပြီး သာသနာရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတာပါ" ဟု ဝန်ကြီးဦးဆန်းဆင့်က ပြောသည်။


ထို့အပြင် ဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓဂယာဘုရားဖူးခရီးသွားရောက်ခြင်းနှင့် အစ္စလာမ်လူမျိုးများ၏ ဟာ့ဂ်ျဘုရားဖူးခရီးစဉ်များကို သာသနာရေးဝန်ကြီးဌာနထံတွင် ခွင့်ပြုချက်တောင်းယူရန် မလိုတော့ဘဲ ဘုရားဖူးလုပ်ငန်းလုပ်ကိုင်သူများကိုယ်တိုင် ဖွဲ့စည်းထားသည့် ဘုရားဖူးခရီးသွားလုပ်ငန်း ကြီးကြပ်ရေးကော်မတီများကသာ ဆောင်ရွက်သွားမည်ဖြစ်သည်။


သံဃာတော်နှင့် သီလရှင်များ ပြည်ပခရီးသွားခွင့်ကို ပြည်ထဲရေးဝန်ကြီးဌာနကို တိုက်ရိုက်လျှောက်ထားနိုင်ပြီး လက်ရှိသံဃာ့မဟာနာယက အဖွဲ့စည်းကိုလည်း သာသနာရေးဝန်ကြီးဌာနက ချုပ်ကိုင်ထားခြင်းမရှိဟု ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်ကပြောသည်။
Mizzima - News in Burmese