တိုင်းရင်းသား ဆွေးနွေးပွဲမှာ မထည့်သင့်တဲ့ကိစ္စ သမ္မတ ညွှန်ကြား

ပို့စ်တင်ချိန် - 11/11/2013 11:06:00 AM


အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ နိုင်ငံတော်ကနေ ခွဲမထွက်ရေးနဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစေတဲ့ အကြောင်းအရာတွေမလုပ်ဆောင်ရေးဆိုတဲ့ အချက် ၂ ချက်ကို ထည့်သွင်းဆွေးနွေးခွင့်မရှိကြောင်း နိုင်ငံတော်သမ္မတက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဒီနေ့ရန်ကုန်မြို့ကမာရွတ်မြို့နယ်က မြန်မာငြိမ်းချမ်းရေးစင်တာမှာ နိုင်ငံရေးပါတီတွေနဲ့ ပြည်ထောင်စုဝန်ကြီးတွေ တွေ့ဆုံရာမှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အခုလိုပြောခဲ့တာပါ။

"နိုင်ငံတော်သမ္မတကြီးရဲ့ မူကတော့လက်နက်ကိုင် ပဋိပက္ခတွေဟာ နိုင်ငံရေးနည်းအရ မဖြေရှင်းနိုင်ခဲ့တဲ့ အတွက် ဒီလိုဖြစ်လာတယ်ဖြစ်တယ်။ဒါကြောင့်မို့ နိုင်ငံရေး အရ ဖြေရှင်းမယ်ဆိုတဲ့ မူကို နိုင်ငံတော် သမ္မတကြီးက ဆုပ်ကိုင်ပြီးသား ဖြစ်ပါတယ်။အဲတော့ နိုင်ငံရေးဆွေးနွေးပွဲကြီးလုပ်တော့ သိပ်ကန့်သတ်ချက်မရှိပါဘူး။နံပတ်တစ်ကတော့ အမမြန်မာနိုင်ငံကနေ ခွဲမထွက်ရဘူးဆိုတဲ့ အချက်တစ်ချက်၊နံပါတ်နှစ်အချက်က နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကိုထိပါးစေတာတွေ မလုပ်ရဘူးဆိုတဲ့ အချက်တစ်ချက် ဒီနှစ်ချက်ကလွဲရင် ကျန်တာတွေ အကုန်လုံးကို ဆွေးနွေးခွင့်ရှိတယ်လို့ ပြောထားပြီးသား"

ဒါအပြင် ဒီဇင်ဘာလမတိုင်ခင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အပါအ၀င် အခြားနိုင်ငံရေးအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် မြန်မာငြိမ်းချမ်းရေးစင်တာက စီစဉ်ထားတယ်လို့လည်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေကိစ္စ ဆွေးနွေးခဲ့ကြပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက အခုလကနေ စတင် တိုးမြှင့်ကောက်ခံဖို့ ကြေညာထားတဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲခ နှုန်းအသစ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

RFA Burmese