မစ်ဆူဘီရှီ ဥက္ကဋ္ဌနှင့် ဂျပန်လုပ်ငန်းရှင် ၆၀ ခန့် မြန်မာနိုင်ငံ လာမည်

ပို့စ်တင်ချိန် - 11/18/2013 03:18:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၁၇

ဂျပန်နိုင်ငံ၏ ကမ္ဘာကျော် ကုမ္ပဏီကြီး ဖြစ်သည့် မစ်ဆူဘီရှီ ကော်ပိုရေးရှင်း ကုမ္ပဏီ ဥက္ကဋ္ဌ KOBAYASHI Ken နှင့် ဒိုင်ဝါ စတော့အိတ်ချိန်း ကုမ္ပဏီ၏ အမှုဆောင် အုပ်ချုပ်မှု ဒါရိုက်တာ အပါအဝင် ဂျပန်နိုင်ငံ၏ စီးပွားရေး လုပ်ငန်းရှင် ၆၀ ဦးခန့်သည် မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်ရေး အတွက် ဆွေးနွေးမည် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။

နိုဝင်ဘာ ၁၉ ရက်နေ့တွင် ရန်ကုန် မြို့တော်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ မြန်မာ-ဂျပန် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံမည် ဖြစ်ပြီး ကုန်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ လေကြောင်းလိုင်းများ၊ သတ္တု ပြန်လည် သန့်စင်ရေးလုပ်ငန်း၊ အကြီးစား စက်မှုလုပ်ငန်း၊ အိုင်တီလုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် စတော့အိတ်ချိန်း ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမည်ဟု ၎င်းက ဆိုသည်။
“လာမှာကတော့ အများကြီးပဲ။ ဂျပန်ရဲ့ အမြင့်ဆုံး စီးပွားရေး အဖွဲ့ဖြစ်တဲ့ KEIDANREN Federation က ဦးဆောင်ပြီး လာကြမှာ။ ဥရောပက လာပြီးပြီ။ သူတို့ကလည်း မြန်မာနဲ့ စီးပွားရေးလုပ်ဖို့ ဒီမှာ ဆွေးနွေးကြမယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံသို့ လာရောက်မည့် ကုမ္ပဏီကြီးများတွင် မစ်ဆူဘီရှီ ကော်ပိုရေးရှင်း၊ ဒိုင်ဝါ စတော့ အိတ်ချိန်း ကုမ္ပဏီ၊ စိုက်ပျိုးရေး ကဏ္ဍမှ မစ်ဆူရီကုမ္ပဏီ၊ လျှပ်စစ်ကဏ္ဍမှ Electrical Power Development ကုမ္ပဏီနှင့် All Nippon Air Ways ကုမ္ပဏီတို့ ပါဝင်ကြောင်း UMFCCI ၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ KEIDANREN Federation သည် ဖေဖော်ဝါရီလ ၇ ရက်နေ့က မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်ခဲ့ပြီး မြန်မာ-ဂျပန် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ကိစ္စအတွက် နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့သည်။
The Voice Weekly