မင်္ဂလာဒုံ နှစ်လောင်းပြိုင် လူသတ်မှု သံသယရှိသူကို မမိသေးဟုဆို

ပို့စ်တင်ချိန် - 11/25/2013 01:32:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၂၄

မင်္ဂလာဒုံမြို့နယ်၊ ဘောဂရပ်ကွက် ၂ လမ်းတွင် လွန်ခဲ့သော ခြောက်ရက် (နိုဝင်ဘာလ ၁၈ ရက်နေ့) (သူခိုးကြီးည) က ဖြစ်ပွားခဲ့သော သားအမိနှစ်ဦး အသတ်ခံရသည့် လူသတ်မှုနှင့် ပတ်သက်၍ သံသယရှိသူ အသက် ၂၀ အရွယ် လူငယ်တစ်ဦးကို စုံစမ်းရှာဖွေလျက်ရှိရာ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ဖမ်းမိခြင်း မရှိသေးကြောင်း မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၉ရက် နံနက် ၁ နာရီခွဲခန့်က မင်္ဂလာဒုံမြို့နယ် ဘောဂရပ်ကွက် ၂ လမ်းဘေး ဂျိုးဖြူပိုက်လုံး မြောင်းအစပ်တွင် အသက် ၃၆ နှစ်အရွယ် မမြတ်မြတ်သန်း (ခ) မချောစု၏ ဘယ်ဘက် လည်ပင်းတွင် ဓားဒဏ်ရာ နှစ်ချက်ဖြင့် သွေးအိုင်တွင်း သေဆုံးနေပြီး၊ ၎င်း၏ အိမ်ခန်းတွင်း ခြင်ထောင်ထဲတွင် အသက်ကိုးနှစ်အရွယ် ၎င်း၏ သမီးဖြစ်သူ မနှင်းအေးဝေ၏ လည်ပင်းတွင် ကန့်လန့်ဖြတ် ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေခြင်း ဖြစ်သည်။

သေဆုံးသူ သားအမိမှာ မသေမီ ရပ်ကွက်အတွင်း ပစ္စည်းများ ဝှက်တမ်း ဆော့ကစားပြီးနောက် နေအိမ်သို့ ပြန်လာကာ အိပ်စက်နေရာမှ အသတ်ခံရခြင်း ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက သေဆုံးသူ အမျိုးသမီးနှင့် မသေမီ ရပ်ကွက်တွင်း အတူသွားလာခဲ့သူ အိမ်နီးချင်း အမျိုးသမီး နှစ်ဦး၊ အလောင်းကို စတင်တွေ့ရှိသူ လူငယ်ခြောက်ဦးနှင့် သေဆုံးသူ၏ နေအိမ် တွင် အရက်သောက်ခဲ့သည့် ၎င်း၏ အသက် ၁၈ နှစ်အရွယ် သားအပါအဝင် လူငယ်ငါးဦးကို စစ်ဆေးခဲ့ရာ သားဖြစ်သူနှင့်အတူ တစ်ဝိုင်း တည်း အရက်သောက်သူ ၎င်း၏ သူငယ်ချင်းတစ်ဦးမှာ လူသတ်မှု ဖြစ်ပွားရာ ညပိုင်းမှစ၍ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ပျောက်ဆုံးနေကြောင်း ဘောဂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်မင်းက ပြောကြားသည်။

ပျောက်ဆုံးနေသူနှင့် ပတ်သက်၍ ယင်းလူငယ်သည် လူသတ်မှု ဖြစ်ပွားပြီး ယင်းနေ့ နံနက် ၃ နာရီခွဲတွင် မရမ်းကုန်းမြို့နယ်နေသူ အမျိုးသမီးတစ်ဦးထံ သွားရောက်၍ ငွေကြေး အကူအညီ တောင်းခံခဲ့ပြီး ၎င်းသည် လူသတ်ခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း၊ အဆိုပါ လူငယ် အမျိုးသား၏ ခြေထောက်တွင် ဒဏ်ရာများကိုလည်း တွေ့ကြောင်း လိုက်လံ စုံစမ်းစစ်ဆေးသည့် ရဲအရာရှိတစ်ဦးက အမျိုးသမီး၏ ပြောကြားချက်ကို ကိုးကား၍ ဖြေကြားသည်။
“သူ့ (ပျောက်နေသူ) ကို ဒီအမှုရဲ့ မသင်္ကာဖွယ် အဓိကလူအဖြစ် သတ်မှတ်ပြီး ဖမ်းမိဖို့ ရှာဖွေနေပါတယ်” ဟု မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိက ဆိုသည်။

ထွက်ပြေး တိမ်းရှောင်နေသူ လူငယ်သည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် နေထိုင်ပြီး သေဆုံးခဲ့သူ၏သား ကိုမင်းဇော်ဦးနှင့်အတူ ၂၀၁၂ ခုနှစ်က သမိုင်းလမ်းဆုံ အနီးရှိ ဆိုင်တစ်ဆိုင်တွင် တစ်နှစ်ကျော်ခန့် အလုပ်လုပ်ကိုင်ခဲ့ရာမှ ခင်မင်ခဲ့ကြောင်း၊ ၎င်းသည် ဘောဂ ရပ်ကွက်သို့ အလည် လာတတ်ပြီး ယခုနှစ် ဝါတွင်းကာလတွင် ဘောဂမင်္ဂလာ ရွာဦးကျောင်း၌ ကိုရင်ကြီးအဖြစ် တစ်ဝါဆို ခဲ့ကြောင်း၊ သီတင်းကျွတ်တွင် လူထွက်ခဲ့သော်လည်း ကထိန်ကာလတွင် ကူညီပေးနိုင်ရန် ဘုန်းကြီးကျောင်းတွင် တည်းခိုနေခြင်း ဖြစ်ကြောင်း သေဆုံးသူ အမျိုးသမီး၏ ယောက္ခမ ရပ်ကွက် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသန်းမြက ရှင်းပြသည်။

မိခင် မသေဆုံးမီက အိမ်တွင် သားဖြစ်သူ ကိုမင်းဇော်ဦးက သူငယ်ချင်းများနှင့်အတူ ချက်ပြုတ် စားသောက်နေစဉ် မိခင်ရောက်လာပြီး အရက်မသောက်ရန် ပြောဆိုကာ ညီမဖြစ်သူနှင့်အတူ အိပ်ရာဝင်ခဲ့ကြောင်း၊ ၎င်းတို့ အဖွဲ့က အိုးခွက်များ သိမ်းဆည်းခဲ့ပြီး ည ၁၁ နာရီခွဲတွင် လက်ရှိ ပျောက်ဆုံးနေသော အသက် ၂၀ အရွယ် လူငယ်ကို ကိုယ်တိုင် ဆိုင်ကယ်ဖြင့် ၎င်းနေထိုင်ရာ ဘုန်းကြီးကျောင်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သေဆုံးသူ အမျိုးသမီး၏ သားဖြစ်သူ ကိုမင်းဇော်ဦးက ပြောကြားသည်။

နိုဝင်ဘာလ ၁၉ ရက် နံနက် နှစ်နာရီခန့်က ၎င်းတည်းခိုနေသော ဘုန်းကြီးကျောင်းသို့ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များက သွားရောက် မေးမြန်းခဲ့ရာ ဘုန်းကြီးကျောင်းသို့ ပြန်လာသည်ကို မတွေ့ဟု ကျောင်းထိုင် ဆရာတော်က မိန့်ကြားသဖြင့် ၎င်းတည်းခိုရာ အဆောင်တွင် သွားရောက် ရှာဖွေရာ အခန်းတွင်း ၎င်းနှင့် ၎င်း၏ အဝတ်အစားများကို မတွေ့ရှိကြောင်း ဘောဂရပ်ကွက် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသန်းမြက ပြောကြားသည်။

အဆိုပါ ထွက်ပြေး တိမ်းရှောင်နေသူ အမျိုးသားသည် နိုဝင်ဘာလ ၁၉ ရက် နံနက် ၄ နာရီခွဲခန့်က သမိုင်းလမ်းဆုံ အနီးရှိ ယခင် ၎င်းလုပ်ကိုင်ခဲ့သော ဆိုင်ရှိ ဆိုင်ဝန်ထမ်း အမျိုးသမီးထံ သွားရောက်ပြီး လမ်းစရိတ် လိုသောကြောင့် ငွေကျပ် တစ်သောင်းပေးရန် တောင်းဆိုခဲ့ကြောင်း အဆိုပါ အမျိုးသမီး၏ ရဲစခန်းတွင် ကနဦး စစ်ဆေးချက်မှ ထွက်ဆိုချက်များအရ သိရှိရသည်။

အဆိုပါ နှစ်လောင်းပြိုင် လူသတ်မှုကို အမြန်ဆုံး ဖော်ထုတ်နိုင်ရန် ရန်ကုန်တိုင်းတွင်းရှိ ခရိုင် ရဲတပ်ဖွဲ့ဝင်များနှင့် မွန်ပြည်နယ် ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ထားပြီး (ပ) ၇၂၄/၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး စုံစမ်းလျက် ရှိကြောင်း မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
The Voice Weekly