ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်တွင် မူးယစ်ဆေးဝါး ကာလတန်ဖိုးငွေကျပ် ၆၂၂၇၅ သိန်းဖိုးနှင့် လက်နက်ခဲယမ်းဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 11/25/2013 09:03:00 PM


ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများပပျောက်ရေးအတွက် စီမံချက်ချမှတ် အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် နေ့စဉ် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိလျက်ရှိရာ ၂၃.၁၁.၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် ခမရ(၁၂၅)မှ တပ်ရင်းမှူး ဦးစီးတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၁၀၁)နေပြည်တော်မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သိန်းနီမြို့နယ်၊ စယ်အူရွာအနီး သိန်းနီ-ကွမ်းလုံသွားကားလမ်းတွင် သတင်းအရ ပိတ်ဆို့ရှာဖွေနေစဉ် ကိုအောင်(ခ) လောက်အယ် မောင်းနှင်လာသော အစိမ်းရောင်လင်ခရူဇာအား ရပ်တန့်ရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၃၄ထုပ်၊ အလေးချိန် ၁၁.၉ ကီလိုခန့်(ကာလတန်ဖိုးငွေကျပ် ၂၂၆၁ သိန်း)၊ ဘိန်းညို ၃၀ ထုပ်၊ အလေးချိန် ၃၃.၄ ကီလိုခန့်၊ (ကာလတန်ဖိုးငွေကျပ် ၃၀၀၆ သိန်း)၊ ဘိန်းစိမ်း ၀.၅ ကီလို(ကာလတန်ဖိုးငွေကျပ် ၄ သိန်း) ဘိန်းဆီခဲ ၀.၉ ကီလို(ကာလတန်ဖိုးငွေကျပ် ၁၃.၅ သိန်း)၊ စုစုပေါင်း မူးယစ်ဆေးဝါးတန်ဖိုးငွေကျပ် ၅၂၈၄.၅ သိန်းဖိုးနှင့် AK-47 သေနတ် ၁ လက်၊ ၎င်းကျည် ၁၅ တောင့်နှင့် ပွိုင့် 22 သေနတ် ၁ လက်၊ ၎င်းကျည် ၁၅ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အဆိုပါမူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများအား ကွတ်ခိုင်မြို့နယ်နေ မာနော် ထံပို့ပေးရမည်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လားရှိုးမြို့မရဲစခန်း မယ(ပ)၁၈၁/၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း။

ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ၂၃၀၀ အချိန် သိန်းနီမြို့နယ်၊ နားနွဲ့ကျေးရွာ၊ စယ်အူ-နမ့်ခိုက်ရွာ သွားကားလမ်းတွင် သတင်းအရ ပိတ်ဆို့ရှာဖွေနေစဉ် ယာဉ်မောင်း ရော်ဆင်း၊ ၃၄နှစ်မောင်းနှင်ပြီး ကျန်းကွမ်းလင်၊ အားဖာ(ခ)ကျော်ထွန်းနှင့် နော်ဂျာတို့ လိုက်ပါလာသည့် ၅ဂ/၉၀၃၃ တိုယိုတာ ဖိုးဝှီးအနက်ရောင်ယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်၏နောက်ခန်းအတွင်းမှ Coldifed စာတမ်းပါ ၁ ကတ်  လျှင် ၁၀ ပြားစီပါ ၂၅ကတ်ထည့်ထားသော စက္ကူဗူးငယ် ၁၃၀ ဗူး၊ ဆေးပြားပေါင်း ၃၂၅၀၀ ပြား၊ အဖြူရောင်ဆာလာအိတ်အတွင်းထည့်လျက် ၁ အိတ်လျှင် ဆူဒိုအက်ဖီဒရင်းဟု ယူဆရသောဆေးပြား ၄၅၁၅၀၀ ပြား(ကာလတန်ဖိုးငွေကျပ် ၉၀၃ သိန်း)၊ ဆူဒိုအက်ဖီဒရင်း ဆေးပြားအကြေမှုန့် ၂ ကီလိုခန့်(ကာလတန်ဖိုးငွေကျပ် ၄၀ သိန်း)၊ ပွိုင့် 20 ပစ္စတိုသေနတ် ၂ လက်၊ ၎င်းကျည် ၁၄ တောင့်၊ M 22 သေနတ် ၂လက်၊ ၎င်းကျည် ၅၆ တောင့် တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် လားရှိုးမြို့မရဲစခန်း မယ(ပ)၁၈၂/၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၆(ခ)/၂၂(ခ)/၂၁ ဖြင့် အရေးယူစစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိပါသည်။

yapaya media
by Thit Htoo Lwin