ကော့သောင်း အကျဉ်းထောင်မှ အကျဉ်းသား ၁၀၀ ကို အင်းစိန်ထောင်သို့ ထပ်ရွှေ့

ပို့စ်တင်ချိန် - 11/02/2013 04:46:00 PM

ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့ ကိုးမိုင် အကျဉ်းထောင်ရှိ အကျဉ်းသား ၁၀၀ ဦးကို ရန်ကုန်မြို့တော်ရှိ အင်းစိန်ထောင်သို့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ကြောင်း ကော့သောင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်းက The Voice သို့ ပြောကြားသည်။

ပြောင်းရွှေ့ ခံရသူများတွင် အကျဉ်းထောင်အတွင်း ဖြစ်ပွားခဲ့သည့် ဆူပူဆန္ဒပြမှုများတွင် ပါဝင်ပတ်သက်သူ၊ လှုံ့ဆော်သူနှင့် နှစ်ရှည်ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသားများ ပါဝင်ကြောင်း ၎င်းကဆိုသည်။
“အကျဉ်းထောင် လုပ်ထုံးလုပ်နည်းတွေအရ လုပ်တာပါ။ လူစုခွဲတဲ့ သဘောပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အကျဉ်းသားများကို အောက်တိုဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ပြောင်းရွှေ့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် အကျဉ်းသားများ၏ မိသားစုဝင်များက ကော့သောင်းမြို့ တော်ဝင် သင်္ဘောဆိပ်သို့ သွားရောက် စောင့်ဆိုင်းခဲ့ကြောင်း၊ သို့သော်လည်း ယင်းနေ့ညတွင် ပြောင်းရွှေ့ခြင်းမပြုဘဲ အောက်တိုဘာလ ၃၀ ရက်နေ့တွင် တောင်ကြီး သင်္ဘောဖြင့် ခေါ်ဆောင် သွားကြောင်း ကော့သောင်းမြို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ စည်းရုံးရေးမှူး ဦးသန်းထွန်းက ပြောဆိုသည်။

အကျဉ်းထောင်တွင် ဖြစ်ပွားခဲ့သည့် ဆူပူမှုများတွင် ထောင်အာဏာပိုင်များ ပါဝင်ပတ်သက်နေသည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် အဆိုပါ ဖြစ်စဉ်များကို ပြည်ထောင်စု တရားသူကြီးချုပ်က ကော့သောင်း အကျဉ်းထောင်သို့ လာရောက် စစ်ဆေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဘာကြောင့် ပြောင်းတယ် ဆိုတာကိုတော့ မသိရဘူး။ တရားသူကြီးချုပ် မလာခင် ရွှေ့တယ်ဆိုတော့ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေ အဖြစ်မှန် ပေါ်မှာစိုးလို့ ခြေရာလက်ရာဖျောက်တဲ့ ပုံစံမျိုး ဖြစ်နေတယ်” ဟု ဦးသန်းထွန်းက ထပ်မံပြောဆိုသည်။

ယခုပြောင်းရွှေ့မှုသည် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း အကျဉ်းသား ၁၂၀ ကို မော်လမြိုင် အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

စက်တင်ဘာလ ၁၃ ရက်နေ့က အကျဉ်းသား ညီအစ်ကိုနှစ်ဦး ရန်ဖြစ်ရာမှ စတင်ဖြစ်ပွားခဲ့သည့် အကျဉ်းထောင်တွင် ဆူပူဆန္ဒပြမှုများကို လုံခြုံရေး ဝန်ထမ်းများက ပစ်ခတ်နှိမ်နင်းခဲ့ရာ လူနှစ်ဦးသေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

ကော့သောင်း ကိုးမိုင် အကျဉ်းထောင်တွင် အကျဉ်းသား ၆၀၀ ကျော် ရှိသည့်အနက် မော်လမြိုင် အကျဉ်းထောင်ကို အကျဉ်းသား ၁၂၀ ရွှေ့ပြောင်းခဲ့ပြီး ယခုအင်းစိန် အကျဉ်းထောင်ကို အကျဉ်းသား ၁၀၀ ထပ်မံရွှေ့ပြောင်းခြင်း ဖြစ်သည်။

The Voice Weekly