နေပြည်တော်အစိုးရ၀န်ထမ်း အိမ်ရာများတွင် အခမဲ့တပ်ဆင်ထားသော ရုပ်သံလိုင်းများ ဒီဇင်ဘာ ၁ ရက် စတင်ဖြတ်တောက်မည်

ပို့စ်တင်ချိန် - 11/19/2013 05:24:00 PM


ရန်ကုန်- နေပြည်တော်ရှိ အစိုးရ၀န်ထမ်းအိမ်ရာအားလုံးတွင် ယခင်အစိုးရလက်ထက်က အခမဲ့တပ်ဆင်ပေးထားသည့် ရုပ်သံလိုင်းများကို ဒီဇင်ဘာ ၁ ရက်မှ စတင်ဖြတ်တောက်သွားမည်ဖြစ်ပြီး အခမဲ့ပြသနေသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအပါအ၀င် ရုပ်သံလိုင်းများ ကြည့်ရှုလိုပါက
ကျပ် ၃၂၀၀၀ တန် ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက်များကို ၀ယ်ယူတပ်ဆင်ရန် နေပြည်တော်ကောင်စီက ၀န်ထမ်းများအား စာထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

ထို့ပြင် ယင်းစာထွက်ပြီး မကြာမီမှာပင် Sky Net ရုပ်သံဖမ်းစက်များကို ၀န်ကြီးဌာနအသီးသီးတွင် အရစ်ကျစနစ်ဖြင့် လိုက်လံရောင်းချနေပြီး တစ်နိုင်ငံလုံးတွင် အခမဲ့ကြည့်ရှုနိုင်သော မြန်မာ့အသံ၊ မြ၀တီ၊ MRTV-4 ၊ Channel 7 တို့ကအစ ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက်မရှိဘဲနှင့် ဖမ်းယူကြည့်ရှုနိုင်မည်မဟုတ်ကြောင်း အစိုးရအရာရှိကြီးတစ်ဦးကပြောသည်။

အစိုးရ၀န်ထမ်းလစာမျှဖြင့် အစစအရာရာ ဈေးနှုန်းကြီးမြင့်နေသော နေပြည်တော်တွင် ချွေတာသုံးစွဲနေရသော ၀န်ထမ်းအများစုမှာ တစ်နိုင်ငံလုံးက အခမဲ့ကြည့်နိုင်သည့် ရုပ်သံလိုင်းအချို့ကိုပင် စကိုင်းနက်ရုပ်သံဖမ်းစက် ၀ယ်ယူကြည့်ရှုမှသာ ကြည့်နိုင်တော့မည့်အခြေအနေကြောင့် မကျေမနပ်မှုများ ဖြစ်ပေါ်နေကြောင်းလည်း သတင်းရရှိသည်။

“ကျွန်မတို့ စာရေးအဆင့်က ရတဲ့လစာမှ ထောက်ပံ့ကြေးနဲ့ပေါင်းရင် တစ်သိန်းမပြည့်တပြည့်ရယ်။ အခုအဆောင်မှာ ရေဖိုး၊ မီတာခ အားလုံးပေးရတယ်။ နောက်ဆို အဆောင်နေခပါ ပေးရမလားပဲ။ အခုတစ်ခါ ဆီးဂိမ်းနီးမှ ကေဘယ်ကလွှင့်ပေးတဲ့လိုင်းတွေကို အကုန်ဖြုတ်ပြီး စကိုင်းနက်စက်တွေကို အရစ်ကျလာရောင်းတယ်။ သူများတွေ အလကားကြည့်ရတဲ့ မြန်မာ့အသံတို့ MRTV-4 တို့ကအစ ဒီစက်ဝယ်မှပဲ နေပြည်တော်မှာကြည့်လို့ရမယ်။ လစဉ်လည်း နှစ်ထောင်ပေးမှ အရင်လိုရုပ်သံလိုင်းတွေ အကုန်ပြန်ကြည့်ရမယ်။ ၀န်ထမ်းတွေမှာ ဒါလေးပဲ အပန်းဖြေစရာရှိတာပါ။ နေပြည်တော်မှာ အခုက ပိုက်ဆံကကုန်ပေါက်ချည်းပဲ”ဟု ၀န်ကြီးဌာနတစ်ခုမှ အစိုးရ၀န်ထမ်းတစ်ဦးကပြောသည်။

စစ်အစိုးရလက်ထက် နေပြည်တော်မြို့ စတင်တည်ထောင်ကတည်းက အခပေးရုပ်သံလိုင်းပေါင်းများစွာကို စစ်တပ်ကဖမ်းယူ၍ ၀န်ထမ်းအိမ်ရာများသို့ ကေဘယ်ကြိုးများဖြင့် တပ်ဆင်ပေးထားခြင်းဖြစ်သည်။ ယင်းကေဘယ်ကြိုးများကို ယခုအခါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လွှဲပြောင်းရယူလိုက်ပြီး အစိုးရ၀န်ထမ်းများထံ ပေးထားသည့် ကေဘယ်ကြိုးများအား သက်ဆိုင်ရာ နေပြည်တော်ကောင်စီသို့ ပြန်လည်လွှဲပေးခြင်းဖြစ်ကြောင်း အစိုးရအရာရှိကြီးတစ်ဦးက ပြောကြားသည်။

“နေပြည်တော်က တခြား ရန်ကုန်၊ မန္တလေးမြို့က အစိုးရတွေလို စီးပွားရေးလုပ်ငန်းလည်း ကြီးကြီးမားမားမရှိတော့ ၀င်ငွေရှာတဲ့အနေနဲ့ ဒစ်ဂျစ်တယ် ရုပ်သံဖမ်းစက်တွေကို ၀န်ထမ်းတွေကို အရစ်ကျရောင်းချတာပါ။ စကိုင်းနက်နဲ့ပူးပေါင်းပြီး လုပ်တာလားဆိုတာတော့ သေချာမသိရသေးပါဘူး။ ကောင်စီက ကေဘယ်အတွက် စက်ရုံတည်ဆောက်ပြီး လွှဲယူရတာပါ။ သူတို့ရောင်းမယ့် ရုပ်သံဖမ်းစက်မှာ လိုင်း ၂၀ က အခမဲ့လိုင်းတွေလည်း ဒီစက်ဝယ်မှ ကြည့်လို့ရမှာပါ”ဟု ၎င်းကပြောသည်။

ယခုအစီအစဉ်အတွက် နေပြည်တော်ကောင်စီနယ်မြေမှ ရုပ်သံဖမ်းစက်များ ထုတ်ရောင်းရန် ရှိ၊ မရှိနှင့် ယခုစကိုင်းနက်က ၀န်ကြီးဌာနရုံးများတွင် အရစ်ကျလိုက်လံရောင်းချနေသော ရုပ်သံဖမ်းစက်များနှင့် နေပြည်တော်ကောင်စီတို့ ဆက်စပ်မှု ရှိ၊ မရှိ ဆက်သွယ်မေးမြန်းရာတွင် သတင်းထုတ်ပြန်ဖြေကြားလေ့မရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားသည်။

မကြာသေးမီက ပြန်ကြားရေးဝန်ကြီးဌာနက ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲထုတ်လွှင့်တော့မည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအစီအစဉ်များ ဖမ်းယူကြည့်ရှုနိုင်ရန် ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက် အလုံးပေါင်းသုံးသိန်းကျော် အခမဲ့ဖြန့်ဝေမည်ဖြစ်ကြောင်း ပြောကြားထားချိန်တွင် နေပြည်တော်ရှိ အစိုးရ၀န်ထမ်းများအားလုံးမှာမူ အခမဲ့ရုပ်သံလိုင်းများကအစ စကိုင်းနက်ရုပ်သံဖမ်းစက် ၀ယ်ယူကြည့်ရှုရမည်ဖြစ်သည်။ “ကျွန်တော်ကတော့ စကိုင်းနက်ဝယ်ကြည့်ဖို့ အစီအစဉ်မရှိဘူး။ ကိုယ့်ဘာသာ အဆောင်မှာ အင်တင်နာတိုင်ထောင်ကြည့်မယ်”ဟု အစိုးရအရာရှိကြီးတစ်ဦးက ပြောသည်။
7Day News Journal