ပုဒ်မ ၃၇၆

ပို့စ်တင်ချိန် - 11/04/2013 10:20:00 AM


လူ့အဖွဲ့အစည်းက မည်သို့မျှ ခွင့်လွှတ် လက်ခံနိုင်ဖွယ် မရှိသော၊ တရားဥပဒေကြောင်း အရလည်း ကြီးလေးသော ပြစ်မှုတစ်ရပ် ဖြစ်သည့် မုဒိမ်းမှု ကျူးလွန်ခြင်းများ မြန်မာနိုင်ငံတွင် ပိုမိုကြားသိလာရပြီး သတင်းမီဒီယာ များတွင်လည်း ခပ်စိပ်စိပ် တွေ့မြင်လာရရာ လူမှုဘဝများကြား တပ်လှန့်လာသည့် အန္တရာယ် ခေါင်းစဉ်တစ်ခု ဖြစ်လာနေသည်။

မုဒိမ်းမှုများတွင် သက်ငယ်မုဒိမ်းနှင့် အရွယ်ရောက်ပြီး မုဒိမ်းမှုဟူ၍ ယေဘုယျအားဖြင့် နှစ်မျိုး ခွဲခြားနိုင်ပြီး ပြစ်မှုကျူးလွန်သူ အများစုမှာ စိတ်ကျန်းမာရေး အားနည်းသူ၊ စာရိတ္တ ညံ့ဖျင်းသူ၊ မူးယစ်ဆေးဝါးနှင့် အရက်သေစာ သောက်စား၍ လူ့အသိစိတ် ပျက်ပြားသူ စသူများက အများဆုံး ကျူးလွန်လေ့ ရှိသည်ကို တွေ့ရှိရကြောင်း၊ သက်ငယ်မုဒိမ်းမှု အများစုတွင် ကြိုတင် ကြံရွယ်မှုနည်းပြီး အိမ်နီးချင်း၊ အသိမိတ်ဆွေ စသည်ဖြင့် ယုံကြည်မှုကို အလွဲသုံးစား ပြုသူများက ၎င်းတို့၏ လတ်တလော ဖြစ်ပေါ်လာသည့် စိတ်ဆန္ဒကို ထိန်းသိမ်းနိုင်သည့် စာရိတ္တ နည်းပါးသူများကြောင့် ဖြစ်ပွားသည်ကို အများဆုံး တွေ့ရှိရကာ အလုံမြို့နယ် မြို့မစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ဝင်းနိုင်က ပြောကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စာရင်းများအရ မြန်မာနိုင်ငံတွင် ၁၃ နာရီတိုင်း အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရကြောင်း၊ ယင်းကဲ့သို့ ဖြစ်ပွားမှုတွင် ရန်ကုန်တိုင်းသည် အများဆုံး ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ စာရင်းအရ သိရသော်လည်း လူ့အသိုင်းအဝိုင်းတွင် ရှက်ကြောက်၍ လာရောက် တိုင်ကြားခြင်း မရှိသော အမှုများလည်း များစွာ ရှိနိုင်သေးသည်။

အသက် ၁၆ နှစ် မပြည့်သေးသော ကလေးသူငယ်များအပေါ် မုဒိမ်းမှု ကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်းတို့ကို သေဒဏ်ချမှတ်ရန် ကလေးသူငယ် ဥပဒေပုဒ်မ ၆၆ (က) တွင် ဖြည့်စွက် ပြဋ္ဌာန်းရန် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က မကြာသေးခင်က အဆိုတင်သွင်းခဲ့ရာတွင် လွှတ်တော်က ဆက်လက်ဆွေးနွေးရန် သဘောမတူကြောင်း ဆုံးဖြတ်ကာ အဆိုရှုံးနိမ့်ခဲ့သည်။

မုဒိမ်းမှုများသည် ယခင်ကတည်းက ကျူးလွန်မှု များနေသည်လော သို့တည်း မဟုတ် ယခုအခြေအနေတွင် ပိုမိုသိခွင့် ရလာသောကြောင့် မုဒိမ်းမှု ကိန်းဂဏန်းများကို မြင်တွေ့လာရမှု များနေခြင်းလော ဆိုသည်မှာ စဉ်းစားစရာ အချက်တစ်ခုဖြစ်ပြီး တိတိပပ မပြောနိုင်ကြောင်း ရန်ကုန် အဝေးသင်တက္ကသိုလ် စိတ်ပညာဌာနမှ အငြိမ်းစား တွဲဖက်ပါမောက္ခတစ်ဦးက ပြောကြားသည်။

မုဒိမ်းမှုခင်း စာရင်းဇယားများအရ လူမှုအသိုင်းအဝိုင်းက ကလေးသူငယ်များကို အကာကွယ်ပေးရေး သတိပေးခေါင်းလောင်း တီးလိုက်ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က ဆိုသည်။

အကြောင်းရင်း

မုဒိမ်းမှု ကျူးလွန်သူသည် လူ့အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများကို လိုက်နာမှုမရှိဘဲ ရှိရင်းစွဲ ကိုယ်ရည်ကိုယ်သွေး အရှက်အကြောက် ဖွံ့ဖြိုးမှု နှောင့်နှေးသူများတွင် အဖြစ်များကြောင်း၊ ၎င်းတို့၏ ကျူးလွန်မှုကို ဆင်းရဲမှု နွမ်းပါးသူများတွင် ခံစားရကြောင်း ရန်ကုန် အဝေးသင် တက္ကသိုလ် စိတ်ပညာဌာနမှ အငြိမ်းစား တွဲဖက်ပါမောက္ခက ပြောကြားသည်။

ကလေးသူငယ်များသည်လည်း လူကြီးထက် အားငယ်ပြီး အနိုင်ကျင့်ဖို့ လွယ်ကူရာ ရင်းနှီးသော အမျိုးသားများက ကလေးကို ချစ်ဟန်ပြကာ မိဘများ၏ နောက်ကွယ်တွင် လိင်ပိုင်းဆိုင်ရာ အမြတ် ထုတ်မှုများသာမက မုဒိမ်းမှုကိုပါ ကျူးလွန် ခံရနိုင်သည်။


“ကလေးတွေပေါ် ကျူးလွန်တဲ့ မုဒိမ်းမှုတွေကို ကြည့်ရရင် ကလေးနဲ့ နီးစပ်သူတွေနဲ့ပဲ အဖြစ်များတယ်။ တစ်ရွာတည်းမှာ နေတာ၊ အိမ်နီးနားချင်း၊ အမျိုး၊ အဖေရဲ့သူငယ်ချင်း စတဲ့ ကလေးနဲ့ အကျွမ်းတဝင် ရှိသူတွေသာ အဖြစ်များတာ” ဟု အဆိုပါ တွဲဖက်ပါမောက္ခက ပြောကြားသည်။

မုဒိမ်းမှုများသည် ယနေ့ခေတ်တွင် နည်းပညာပစ္စည်းများ၊ ဖျော်ဖြေရေး အထောက်အကူ ပစ္စည်းများ တိုးတက်လာမှု၊ အမျိုးသား၏ ကာမစိတ်ကို နိုးကြွစေနိုင်သော အရက်များနှင့် ညစ်ညမ်းခွေများကို လွယ်လွယ်ကူကူ ဝယ်ယူရရှိနိုင်မှု၊ လိင်စိတ်ကြွဆေး ဟိုမုန်းဆေးများ ဆေး၊ ကော်ဖီ စသည့် ပစ္စည်းမျိုးစုံကို အလွယ်တကူ ဝယ်ယူရရှိနိုင်မှု၊ Day Club များ ဖွင့်လှစ်လာမှု များကြောင့်လည်း မုဒိမ်းမှုများ ဖြစ်ပွားနိုင်သည်။

ကာမရာဂကို အသားပေးသော တရားမဝင် ဆင်ဆာမဲ့ ပြည်ပရုပ်ရှင်များ ကြည့်ရှုပြီး လွဲမှားသော အကျင့်ကို အားကျစိတ်ဖြင့် ကျူးလွန်ခြင်း စသည်တို့အပြင် အမျိုးမျိုးသော အကြောင်းတရား များကြောင့် ဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် မြို့မရဲစခန်းတွင် တာဝန် ထမ်းဆောင်နေသော ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အခြားသော နိုင်ငံများတွင် စိတ်ဆန္ဒကို ဖြေဖျောက်ရန် တရားဝင် ပြည့်တန်ဆာလုပ်ငန်း ခွင့်ပြုထားမှုများ ရှိသော်လည်း မြန်မာနိုင်ငံတွင် စိတ်ဆန္ဒရှိပါက ယင်းကဲ့သို့ နေရာများ မရှိသောကြောင့် အခြေအနေ အခွင့်သာပါက နီးစပ်ရာ အမျိုးသမီးကို မုဒိမ်းမှု ကျူးလွန်နိုင်စေကြောင်း သုံးသပ်သူများလည်း ရှိသည်။

တရားဥပဒေစိုးမိုးမှု လက်တံ အလှမ်းဝေးသော ကျေးရွာများတွင် မုဒိမ်းမှု အဖြစ်များကြောင်း ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်တွင် နေထိုင်သည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးထင်ပေါ်က ထောက်ပြ ပြောကြားသည်။

လူငယ်ပိုင်း ယောက်ျားလေးနှင့် မိန်းကလေးများသည် မိဘစကား နာခံမှုထက် ကလန်ကဆန် လုပ်ဆောင်မှုများကို ပိုမြင်တွေ့လာရပြီး မိဘဆူပါက အိမ်ပေါ်ကဆင်းသော အလေ့အထများကြောင့် လမ်းပေါ် ရောက်ရှိချိန်တွင် ဖြားယောင်း သွေးဆောင် လိုသူများက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ လူကုန်ကူးရန် အလို့ငှာ စောင့်ကြည့်နေသူများလည်း ရှိသောကြောင့် လူငယ်များအနေနှင့် ဆင်ခြင်သင့်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ အမျိုးသမီးကဏ္ဍကို ဆောင်ရွက်သူ ဒေါ်ခင်မာယာထွေးက အကြံပြုသည်။
“မိဘရိပ်နဲ့ ကင်းကွာတာနဲ့ အန္တရာယ်တွေချည်းပဲ၊ ဖြားယောင်း သွေးဆောင် လိုသူတွေ၊ လူကို အမြတ်ထုတ်လို သူတွေက အဆင်သင့်ရှိတယ်” ဟု ၎င်းကဆိုသည်။

အမျိုးသမီးများ တစ်ဦးတည်း နေထိုင်မှုနှင့် လိင်စိတ်ကို နိုးကြွစေနိုင်သော ဝတ်စားဆင်ယင်မှု၊ သမီးရည်းစား ချိန်းတွေ့ခြင်းနှင့် လက်မထပ် လိုသောကြောင့် ကျူးလွန်မှု၊ အရွယ်မရောက်သော မိန်းကလေးများ၊ အမျိုးသမီးများက အမျိုးသားများ၊ ဆွေမျိုး တော်စပ်သူများနှင့် ရင်းနှီးစွာ နေထိုင်ပြီး တစ်ဦးတည်းရှိသော အခြေအနေတွင် ဖြစ်ပွားမှု မိမိ၏ သမီးငယ်များကို အခြားရင်းနှီးသူနှင့် ယုံကြည်စွာ အပြင်သို့ ထည့်လိုက်ခြင်းနှင့် ၎င်းတို့အပေါ် ဖက်လှဲတကင်း နေထိုင်မှုများကြောင့် မုဒိမ်းမှု ဖြစ်ပွားကြောင်းလည်း လူမှုအသိုင်းအဝန်းက သုံးသပ်ကြသည်။

“ကလေးတွေကို ပြစ်မှုကျူးလွန်တဲ့သူ အများစုက ခြံကျော်ပြီး ခိုးဝင်စရာ မလိုဘူး။ မျက်စိရှေ့မှာရှိတဲ့ ကလေးကို အခြေအနေ ပေးရင်ပေးသလို အသိစိတ် ပျောက်တဲ့အချိန် ကျူးလွန်ကြတာ။ ခန္ဓာကိုယ် ဖွဲ့စည်းပုံအရရော အသိဉာဏ် အနေနဲ့ရော ဘယ်လိုမှ မလုပ်သင့်တဲ့ နို့နံ့တောင် မစင်သေးတဲ့ ငါးနှစ်အရွယ် ကလေးကိုတောင် မုဒိမ်းမှု ကျူးလွန်တဲ့သူတွေ ရှိတယ်။ စာရိတ္တအနေနဲ့ သုညအမှတ်အောက် ရောက်နေတဲ့ သူတွေပေါ့” ဟု အလုံမြို့နယ် မြို့မစခန်းမှ စခန်းမှူး ဒုတိယရဲမှူးဝင်းနိုင်က ပြောကြားသည်။

“ကျွန်မသားသမီးတွေကို ဧည့်သည်လာရင် ရောရောဝင်ဝင် မနေခိုင်းဘူး။ သမီးလာခဲ့၊ ဧည့်သည်နဲ့ အရောတဝင် မနေရဘူးဆိုပြီး တစ်ခါတည်း အပြတ်ပြောထားတယ်။ ဧည့်သည် စိတ်ဆိုးလည်း မတတ် နိုင်ဘူး။ ကျွန်မသမီး အန္တရာယ်ကင်းဖို့ လိုတယ်” ဟု သမီးသုံးဦး၏ မိခင် အသက် ၄၀ ကျော် ဒေါ်ခင်ဝင်းက ပြောကြားသည်။

ကာကွယ်ရန်နှင့် အရေးယူရန်

မုဒိမ်းမှု ဖြစ်ပွားခြင်းသည် လူသူကင်းသော နေရာနှင့် အချိန်တို့တွင် ဖြစ်ပွားမှု များသောကြောင့် ယင်းကဲ့သို့ ခြေအနေများတွင် သွားလာမှု ရှောင်ကြဉ်ရန်၊ မဖြစ်မနေ သွားလာရပါက အဖော်တစ်ဦးဖြင့် သွားလာရန် လိုအပ်သည်။

အရှက်သိက္ခာ မလုံခြုံသော ဝတ်စားဆင်ယင်မှုများ၊ ယောက်ျားသားများကို လိုအပ်သည်ထက်ပိုသော ထိတွေ့မှုများကို ရှောင်ရှားရန် လိုအပ်သည်။ ယင်းသို့ နေထိုင်မှုမျိုးဖြင့် အန္တရာယ် ကြုံတွေ့လာပါက အလိမ္မာနည်းသုံးကာ ရှောင်ရှားနိုင်သည်ဟု ဆိုနိုင်သော်လည်း မဖြစ်ခင် ကြိုတင် ကာကွယ်မှု နည်းလမ်းသည်မှာ အကောင်းဆုံးပင် ဖြစ်သည်။

စိတ်ကျန်းမာရေး ချို့တဲ့သူ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူ၊ ဆွံ့အ နားမကြားသူ၊ အမြင်အာရုံ ချို့ယွင်းသူများတွင် မုဒိမ်းမှု အန္တရာယ် ကြီးမားပြီး ၎င်းတို့ကို သက်ဆိုင်ရာ NGO များနှင့် အစိုးရဆိုင်ရာ အဖွဲ့အစည်းများက ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်လှပါသည်။
“အမျိုးသမီးတွေ အနေနဲ့ နေထိုင်သွားလာမှု၊ ဝတ်စားဆင်ယင်မှု အားလုံးကို သတိရှိဖို့ လိုတယ်။ ကိုယ်တုံးလို့တော့ မခံရစေချင်ဘူး” ဟု အသက် ၆၀ ကျော် အငြိမ်းစား ပညာရေး ဝန်ထမ်းတစ်ဦး ပြောကြားသည်။

မုဒိမ်းပြုကျင့် မခံရစေရေးအတွက် တစ်ဦးတည်း ရှိနေစဉ် အိမ်ရှိတံခါး ပြတင်းပေါက်များကို လုံခြုံမှု ရှိစေရန်၊ တံခါးရွက်အပြင် သံပန်းတံခါးများကို အမြဲတစေ သော့ခတ်ခြင်း၊ အလွယ်တကူ မဝင်ရောက် နိုင်စေရန် ဟန့်တားခြင်း၊ သူစိမ်းယောက်ျားများ ရောက်လာပါက ချက်ချင်း တံခါးမဖွင့်ပေးရန် အကူအညီ ပေးနိုင်သူများကို ခေါ်ယူ၍ မေးမြန်းပြီးမှသာ စကားပြောရန်၊ ရပ်ကွက် နေအိမ်များတွင် နေထိုင်ပါက တံခါးများကို လုံခြုံစွာ ပိတ်ထားရန်၊ မလုံမခြုံ အိပ်စက်ခြင်းများကို ရှောင်ကြဉ်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

ကျေးလက် တောရွာများတွင် နေထိုင်သူများ ဖြစ်ပါက တစ်ဦးတည်း အဖော်မဲ့ သွားလာခြင်း၊ လည်ပတ်ခြင်း၊ အလုပ်လုပ်ကိုင်ခြင်းများ မပြုရန်၊ အုပ်ထိန်းသူ မရှိချိန်တွင် အကာအကွယ် ပေးနိုင်သည့် အစောင့်အဖော်များနှင့် ညအိပ်ရန်တို့ကို လိုက်နာစေလိုကြောင်းလည်း ယင်းလက်ကမ်း စာစောင်များတွင် ဖော်ပြထားသည်။

အရွယ်မရောက်သေးသော အမျိုးသမီးငယ်များက ကျူးလွန်ခြင်း မခံရနိုင်ဟူသော စိတ်ဖြင့် စိတ်ချလက်ချ တစ်ဦးတည်း လွှတ်ထားခြင်းများကို ရှောင်ကြဉ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အသိပေးထားသည်။

၂၀၁၃ ခုနှစ် နှစ်ကုန်အထိ မုဒိမ်းမှု ဖြစ်ပွားမှု မရှိစေရေး၊ သက်ငယ် မုဒိမ်းမှုများ မဖြစ်ပွားစေရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနှင့် မုဒိမ်းမှု ဖြစ်ပွားသည့် အကြောင်းအရင်းကို အခြေခံ၍ မြို့နယ်အလိုက် ပညာပေး ဆွေးနွေးခြင်း၊ လက်ကမ်း စာစောင်များကို ဖြန့်ဝေခြင်း၊ ဂျာနယ် မဂ္ဂဇင်းများ ပညာပေး ဆောင်းပါးများတွင် အသိပညာပေး ဖော်ပြခြင်း၊ အသံသွင်း တိပ်ခွေများဖြင့် ရပ်ကွက်နှင့် ကျေးရွာများအထိ အသိပေးခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မှုခင်းများ ဖြစ်ပွားစေသည့် အရက်ပုန်း၊ မူးယစ်ဆေးဝါး၊ ညစ်ညမ်း ဗီဒီယိုခွေများအပြင် ကာမရာဂစိတ်ကို ပိုမိုနှိုးဆွစေသည့် ဆေးဝါး ရောင်းဝယ်မှုများကို ဖော်ထုတ် ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အမျိုးသမီးများ အနေနှင့်လည်း မိမိတို့နှင့် သက်ဆိုင်သော ဥပဒေများကို သိရှိထားရန် လိုအပ်ပြီး မိမိကိုယ်ကိုယ် ဥပဒေ အကာအကွယ် ယူနိုင်မှုကို သိရှိထားရန် လိုအပ်သည်။
“အမေဖြစ်သူက ကြက်မကြီး အုပ်သလို အုပ်ထားပြီး သမီး မိန်းကလေးကို သာမကဘူး၊ သားငယ်တွေကိုပါ စနစ်တကျ သွန်သင် ဆုံးမသင့်တယ်” ဟု ၎င်းကဆိုသည်။


ကလေးသူငယ်များကို မိဘနှင့် အုပ်ထိန်းသူများက ချစ်ခင်ခြင်း၊ ဂရုစိုက်ခြင်း၊ နွေးထွေးမှု ပေးခြင်းတို့ကို ပြုလုပ်ပေးပြီး ကလေးကို အမြဲဂရုစိုက်ကာ အုပ်ထိန်းသူများနှင့် နီးနီးကပ်ကပ် ရှိနေပါက မုဒိမ်းမှု မဖြစ်ခင် လိင်ပိုင်းဆိုင်ရာ စော်ကားပြုမှုများကို အရင်ဆုံး သိရှိနိုင်ပြီး မုဒိမ်းအန္တရာယ်ကို ရှောင်ကွင်းနိုင်မည် ဖြစ်ကြောင်း ရန်ကုန် အဝေးသင်တက္ကသိုလ် စိတ်ပညာဌာနမှ အငြိမ်းစား တွဲဖက်ပါမောက္ခက ပြောကြားသည်။

ကလေးသူငယ်များကို မုဒိမ်းမှု ကျူးလွန်ခံရပါက မိခင်သည် တုန်လှုပ် ချောက်ချားမှု မရှိစေဘဲ ၎င်း၏ စိတ်ခံစားချက်ကို မျိုသိပ်ကာ မိမိကလေးတွင် အပြစ်မရှိကြောင်း ပြောကြားကာ မိမိ၏ ကလေးဘက်မှ ရပ်တည်ပေးရန် လိုအပ်ကြောင်း၊ ယင်းနောက် သက်သေခံပစ္စည်း အတွင်းခံ အဝတ်အစားများကို မလျှော်ဖွပ်ဘဲ စနစ်တကျ သိမ်းဆည်းကာ ၂၄ နာရီအတွင်း စစ်ဆေးမှုများ ဆောင်ရွက်သင့်ကြောင်း၊ ကလေးသည် အပျိုဖော်ဝင်စ ဖြစ်ပါက ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးကာ ကိုယ်ဝန် မရရှိရန် ဆောင်ရွက်သင့်ကြောင်း ၎င်းကပြောကြားသည်။
“ကလေးမှာ ဒီလိုအခက်အခဲလည်း ကြုံရဦးမယ်၊ အုပ်ထိန်းသူတွေကလည်း ဝုန်းဒိုင်း ကျဲနေမယ်ဆိုရင် ကလေးအတွက် စိတ်ဒဏ်ရာ အကြီးအကျယ် ရနိုင်ပါတယ်။ ဒါတောင် သူမလိုချင်တဲ့ ကိုယ်ဝန်ပါ လွယ်ရ မွေးဖွားရဦးမယ်ဆိုရင် ကလေးအတွက် မတရားဘူး” ဟု ၎င်းကထပ်လောင်း ရှင်းပြသည်။

အရွယ်ရောက်ပြီး အမျိုးသမီးအပြင် ကလေးသူငယ်များကို မုဒိမ်းမှု ကျူးလွန်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် တရားစွဲဆိုနိုင်ပြီး ပြစ်မှုကျူးလွန်သူကို တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်လည်းဖြစ်စေ ချမှတ်နိုင်သည်ဟု ပြစ်မှုဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းဖော်ပြထားသည်။


အမျိုးသမီး၏ ကာယိနြေ္ဒကို ပျက်စီးစေရန် အကြံဖြင့်သော် လည်းကောင်း၊ ကာယိနြေ္ဒ ပျက်စီးတန်ရာသည်ကို သိ၍သော် လည်းကောင်း ထိုအမျိုးသမီးကို လက်ရောက်မှု ကျူးလွန်လျှင် သို့မဟုတ် ရာဇဝတ် မကင်းသော အနိုင်ထက်ပြုမှုကိုဖြစ်စေ ပြုလုပ်လျှင် ထိုသူကို ၂ နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်သည်ဟု ပြစ်မှုဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်း ဖော်ပြထားသည်။

လူ့အသိုင်းအဝိုင်းတွင် အမျိုးသမီးတစ်ဦး မုဒိမ်းမှု ကျူးလွန်ခံရပါက အမျိုးသမီးကိုသာ အများစု အပြစ်ဖို့ကြသည်။ အမျိုးသမီး အနေအထိုင် မတတ်မှု၊ အဝတ်အစား ဝတ်ဆင်ရာတွင် မဆင်ခြင်လို့၊ အမျိုးမျိုးသော ခေါင်းစဉ်တပ်ကာ အပြစ်တင်မှု များကြောင့် အဆိုပါ အမျိုးသမီးများတွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိလာသည်။ ယင်းကဲ့သို့ အမျိုးသမီးများကို တတ်စွမ်းသရွေ့ ကူညီထောက်ပံ့ရန် လိုအပ်သည်။ အခြေအနေ အကြောင်းတရား များစွာကြောင့် မုဒိမ်းသားကောင် ဖြစ်ရသော အမျိုးသမီးများကို ကဲ့ရဲ့အပြစ်မတင်ဘဲ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ လိုအပ် ချက်များကို လူ့အဖွဲ့အစည်းက ကူညီထောက်ပံ့မှုများလည်း လိုအပ်သည်။

ကလေးသူငယ်များပေါ် မုဒိမ်းမှု ကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်းတို့ကို သေဒဏ် ချမှတ်ရန် တင်သွင်းသောအဆို ရှုံးနိမ့်ပြီးနောက် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က သက်ငယ်ကို ရှေ့တန်းတင်သလို ဖြစ်သွားသဖြင့် အခြားသော လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒနှင့် အကြံပေးချက် အချို့ကို ထည့်သွင်း စဉ်းစားကာ ကလေးသူငယ်များသာမက အမျိုးသမီးများကို လိင်မှုဆိုင်ရာ စော်ကားမှု ကာကွယ်တဲ့ ဥပဒေကို ဆက်လက်တင်သွင်းရန် လုပ်ဆောင်လျက် ရှိကြောင်း ၎င်းက ပြောကြားသည်။
“မုဒိမ်းမှု ပပျောက်စေဖို့က စစ်ဆင်ရေး တစ်ရပ်အနေနဲ့ ဆောင်ရွက်သင့်သလို နောင်ကြဉ်အောင် ပြင်းပြင်းထန်ထန် အရေးယူမှသာ မိန်းကလေးတွေကို ဒါမျိုးလုပ်လို့ မရမှန်းသိမှာ” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ အမျိုးသမီး အခန်းကဏ္ဍမှ ဒေါ်ခင်မာယာထွေးက ဆိုသည်။

ကြည်ကြည်လွင်၊ ကျော်ဦးနိုင်
The Voice Weekly