အခြေခံဥပဒေပြင်ရေး ကြီးလေးကြီးတွေ့ရန် လွှတ်တော်သမ္မတ ပြောရေး ဆိုခွင့်ရှိသူဆို

ပို့စ်တင်ချိန် - 11/28/2013 01:09:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၂၇

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး NLD ပါတီက မေတ္တာရပ်ခံထားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး အစီအစဉ်ကို ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသော ၂၀၀၈ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာ ထွက်သည့် အချိန်အထိ စောင့်ဆိုင်း သင့်ကြောင်း နိုင်ငံတော်သမ္မတ ကိုယ်စား ၎င်း၏ ပြောရေးဆို ခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ယင်းသို့ ညှိနှိုင်းရာတွင် NLD ပါတီ နည်းတူ တရားဝင် ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီ ၅၈ ခု၏ သဘောထား အကြံပြုချက်များကို ထည့်သွင်း စဉ်းစားရန် လိုအပ်သည့်အပြင် အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်နေသည့် ပြည်ထောင်စု လွှတ်တော်၏ အခွင့်အာဏာကို လေးစားရန် လိုအပ်သဖြင့် အစီရင်ခံစာ ထွက်ပြီးချိန်မှသာ ညှိနှိုင်းမည့် အစီအစဉ်ကို ဆက်လက် လုပ်ဆောင် သင့်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“လေ့လာသုံးသပ်ရေး ကော်မတီရဲ့ အစီရင်ခံစာ ထွက်လာပြီးမှ ဘယ်လိုပူးပေါင်း ဆွေးနွေး ညှိနှိုင်း သင့်သလဲဆိုတာ ဆက်လုပ်သင့်ပါတယ်” ဟု နိုင်ငံတော်သမ္မတ၏ ကိုယ်စား ဦးရဲထွဋ်က ပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် နိုင်ငံရေးပါတီအားလုံး တွေ့ဆုံရန် လိုအပ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက မှတ်ချက်ပြုသည်။

“ပါတီတွေအားလုံးနဲ့ တွေ့နိုင်တဲ့ နည်းလမ်း စဉ်းစားရမှာပေါ့။ တွေ့လည်း တွေ့ရမှာပဲလေ။ လူချင်းတွေ့တာလည်း ရှိနိုင်တယ်၊ တင်ပြချက်တွေနဲ့ တွေ့တာလည်း ရှိနိုင်တယ်” ဟု ဦးဌေးဦးက ဆိုသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပါတီအားလုံးနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်ပြီး နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် ညှိနှိုင်း လုပ်ဆောင်ပါက ပြင်ဆင်ရေး ကိစ္စရပ်များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မည်ဟု ယူဆကြောင်း၊ နိုင်ငံရေးပါတီ စုစုပေါင်း ၅၀ ကျော် ရှိသည့်အပြင် အခြေခံ ဥပဒေမှာ ပြည်သူအားလုံးနှင့် သက်ဆိုင်သဖြင့် ယင်းသို့ ညှိနှိုင်း လုပ်ဆောင်သင့်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စများနှင့် ပတ်သက်ပြီး NLD ပါတီသည် ၎င်းတို့ပါတီမှ ကိုယ်စားလှယ် ခုနစ်ဦး ပါဝင်နေသည့် အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီမှတစ်ဆင့် လုပ်ဆောင်ပါက ပိုပြီးနည်းလမ်း ကျကြောင်း အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောဆိုသည်။
“အဲဒီလေးယောက်ကနေ ဆွေးနွေးပြီးမှ သဘောတူတာကို လွှတ်တော်ကို ချပေးမယ်ဆိုရင် လွှတ်တော်က ရော်ဘာ တံဆိပ်တုံးနှိပ်တဲ့ လွှတ်တော် ဖြစ်သွားမှာပေါ့” ဟု ၎င်းကသုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် လေးပွင့်ဆိုင် တွေ့ဆုံ လိုကြောင်း မေတ္တာရပ်ခံသည့် စာကို လက်ခံ ရရှိကြောင်း၊ ယင်းစာပါ နိုင်ငံသူ နိုင်ငံသားများအတွက် အသက်တမျှ အရေးကြီးသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဆင်ပြေချောမွေ့ရန် လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းမည့် အစီအစဉ်မှာ ကောင်းမွန် သင့်မြတ်ကြောင်း နိုင်ငံတော်သမ္မတ၏ ကိုယ်စား ဦးရဲထွဋ်က ဖြည့်စွက် ပြောကြားသည်။

The Voice Weekly