အပစ်ရပ်နယ်မြေ တရားဥပဒေစိုးမိုးရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူမည်

ပို့စ်တင်ချိန် - 11/06/2013 03:06:00 PM


ရန်နိုင်၊ မြစ်ကြီးနား၊ နိုဝင်ဘာ-၅

အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများသည် အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးပါ က အပစ်အခတ်ရပ်ဒေသများတွင် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ယူသွားရန် အစိုးရ၏ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်း များအကြား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်တွင် ဖော်ပြပါရှိသည်။

ယင်းအပေါ် တိုင်းရင်းသားအဖွဲ့ အစည်းများအားလုံးနှင့် အစိုးရ ကိုယ် စားလှယ်များသည် မြစ်ကြီးနားမြို့တွင် နိုဝင်ဘာ ၄ ရက်မှ ၅ ရက်အထိ ဆွေးနွေး ပွဲတွင် အစိုးရ၏ မူကြမ်းကိုတင်ပြခဲ့ရာ အကျေအလည်ဆွေးနွေးခဲ့ရကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် လေ့လာသူတစ်ဦးက ပြောသည်။

"အရင်ကတည်းက ဒီအချက် တွေကို KNU နဲ့ RCSS သွားဆွေးနွေး က တည်းကပါနေပြီးသားပါ။ နားလည် မှုနည်းနည်း လွဲတာမျိုးပါ။ အထူးသဖြင့် ဒီအချက်တွေ ကို နိုင်ငံရေးဆွေးနွေးပွဲမှာ ထည့်မလား။ နိုင်ငံရေးဆွေးနွေးသွား နေတဲ့အချိန်မှာ အဖွဲ့အစည်းတွေ အနေနဲ့ ကိုယ့်နေရာကိုယ်နေ၊ အုပ်ချုပ် ရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်နိုင် အောင်ကျွန်တော်တို့ ဆွေးနွေးနေတဲ့ ကာလမှာလုပ်နိုင်အောင် ဆွေးနွေးတာပေါ့။ ဒါကို နိုင်ငံရေးဆွေးနွေးပွဲမှာမထည့် ဘဲ အပစ်ရပ်စာချုပ်မှာထည့်ချင်တယ်။ ဒါမှ ကျွန်တော်တို့ လုပ်နိုင်တဲ့အရာတွေ လုပ်လို့ရမယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ ဒါကို ထည့်လိုက်ရင် ကျွန်တော်တို့ရဲ့ လက်ငုတ် လက်ရင်းအခြေခံထားတဲ့ နယ်မြေတွေ လက်လွတ်ဆုံးရှုံးကုန်မယ်။ လုပ်ပိုင်ခွင့်တွေ ဆုံးရှုံးကုန်မယ်။ အဲဒီမှာ နည်းနည်းလေးဖြစ်တာပါ" ဟု ဦးခွန်ဥက္ကာက ပြောဆိုသည်။

အစိုးရ၏ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများအကြား တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) တွင် အခန်း (၂) နိုင်ငံတော်၏ တာဝန်များတွင် အပစ်ရပ်နယ်မြေ အတွင်း တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူ ဆောင်ရွက်ရန်ဟု ဖော်ပြထားသည်။

ထို့ပြင် ယင်းမူကြမ်း အခန်း (၃) အပစ်ရပ် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများ၏ တာဝန်များတွင် ဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်သည့် ပြစ်မှုကျူးလွန်သူကို တည်ဆဲဥပဒေ နှင့်အညီသာ တရားစွဲဆိုဆောင်ရွက်နိုင် ရန်နှင့် ဥပဒေမဲ့လုပ်ဆောင်မှု မပြုလုပ်ရန်၊ အပစ်ရပ်နယ်မြေများအတွင်း နယ်ဘက်အုပ်ချုပ်ရေးကိစ္စရပ်များတွင် ဥပဒေနှင့်အညီ ပါဝင်ပူးပေါင်းဆောင်ရွက်ရန်ဟု ဖော်ပြပါရှိသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ