မြ၀တီ ချစ်ကြည်ရေးတံတားမှ ထိုင်းဘက်သို့ နေ့စဉ် မြန်မာနိုင်ငံသား နှစ်ထောင်နီးပါး တရားဝင်သွားရောက်

ပို့စ်တင်ချိန် - 11/03/2013 02:42:00 PM

မြ၀တီ ချစ်ကြည်ရေးတံတားမှ ထိုင်းနိုင်ငံသို့ သွားရောက်ကြသော မြန်မာနိုင်ငံသားများအား တွေ့ရစဉ်

မြ၀တီ ချစ်ကြည်ရေးတံတားမှ ထိုင်းနိုင်ငံဘက်သို့ တရားဝင် သွားလာသည့် မြန်မာနိုင်ငံသား နေ့စဉ် ၂၀၀၀ နီးပါး သွားလာလျှက်ရှိရာ ၁၀ လအတွင်း နယ်စပ် ဖြတ်သန်းခ၀င်ငွေ ကျပ်သိန်းပေါင်း နှစ်ထောင့်လေးရာကျော် ရရှိခဲ့ကြောင်း သိရသည်။

မြ၀တီမြို့မှ ထိုင်းနိုင်ငံဘက်သို့ နေ့ချင်းပြန် သွားလာနေသော မြန်မာနိုင်ငံသားများမှာ နေ့စဉ် နှစ်ထောင်နီးပါးရှိပြီး ဇန်န၀ါရီမှ အောက်တိုဘာလကုန်အထိ ၅၂၃၈၉၂ ဦး သွားလာခဲ့ကာ နယ်စပ်ဖြတ်သန်းခ ၀င်ငွေ ကျပ် ၂၄၆၄၉၃၆၀၀ ရှိခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ ထိုင်းနိုင်ငံသား လာရောက်မှုမှာ ပျှမ်းမျှ ၁၀၀ အောက်သာရှိကာ နယ်စပ် ဖြတ်သန်းခ၀င်ငွေ ဘတ် ၂၂၉၁၇၀ ရရှိခဲ့ကြောင်း၊ ထို့ပြင် တတိယနိုင်ငံသားများ မြ၀တီမြို့သို့ လာရောက် လည်ပတ်မှုမှာ ၂၈၁၂ ဦးရှီပြီး ဖြတ်သန်းခ၀င်ငွေ ဒေါ်လာ ၂၈၁၂၀ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ မြ၀တီမြို့နှင့် မဲဆောက်မြို့ (မယ်တော်)ကို ခြားထားသည့် သောင်ရင်းမြစ်အား တရားဝင် ဖြတ်ကျော်သွားလာရန် ချစ်ကြည်ရေး တံတားဂိတ် တစ်ခုသာရှိသော်လည်း တရားမ၀င် လှေဂိတ် ၂၀ နီးပါး ရှိသည်။ ထိုဂိတ်များမှလည်း ဂိတ်ကြေးနှင့် လှေခပေးပြီး နေ့စဉ်ဖြတ်သန်းသွားလာသူ မြန်မာနိုင်သား ၁၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။ အဆိုပါ တရားမ၀င် လှေဂိတ်များအား စည်ပင်သာယာရေးမှ ကျပ်သိန်း ၃၀၀ ကျော်ဖြင့် လုပ်ကိုင်ခွင့် ပြုထားကြောင်းလည်း သိရသည်။

"ထိုင်းနိုင်ငံသားတွေ အနေနဲ့  ယခုနှစ် နွေရာသီမှာ လာရောက်လည်ပတ်တာ ပိုမိုများပြားပါတယ်။ နေ့စဉ် ၆၀ နဲ့ ၁၀၀ ကြား ရှိပါတယ်။ နိုင်ငံခြားသား(တတိယ)တွေကတော့ မြ၀တီနယ်စပ်ဂိတ်ကို နိုင်ငံတကာ ၀င်ထွက်ပေါက်အဖြစ် ဖွင့်လှစ်ပြီးမှ ၀င်ရောက်လာတာ များပါတယ်။ မြန်မာနိုင်ငံ မြ၀တီဘက်ကို ၀င်ရောက်လာတဲ့ ထိုင်းနိုင်ငံသား တစ်ယောက်ကို ၁၀ ဘတ်နဲ့ နိုင်ငံခြားသား တစ်ယောက်ကိုတော့ ၁၀ ဒေါ်လာ အခွန်ကောက်ခံပြီး သွားလာ လည်ပတ်ခွင့် ရှိပါတယ်"ဟု မြ၀တီ ချစ်ကြည်ရေးတံတားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် မြ၀တီနယ်စပ်ဂိတ်အား အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက်အဖြစ် ဖွင့်လှစ်လိုက်ပြီးနောက် မြန်မာနိုင်ငံအတွင်းသို့ Passport နှင့် Viza ဖြင့် နိုင်ငံခြားသား ၀င်ရောက် လည်ပတ်မှု မြင့်တက်လျှက်ရှိကာ ထိုင်းနိုင်ငံသား အများဆုံးဖြစ်ပြီး သြဂုတ် ၂၈ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ၅၄၈ ဦး ၀င်ထွက်ခဲ့ပြီး တတိယ နိုင်ငံခြားသား ၃၈၇ ဦးလည်း ၀င်ထွက်ခဲ့ကြောင်း သိရသည်။

Eleven Media Group