ဗင်နီဇွဲလားတွင် ဘူဇွာ စီးပွားရေး လုပ်ငန်းရှင် ၁၀၀ ကျော်ကို ဖမ်းဆီး

ပို့စ်တင်ချိန် - 11/16/2013 07:09:00 PM


ကာရာကတ်၊ နိုဝင်ဘာ ၁၅

ဗင်နီဇွဲလား နိုင်ငံတွင် သမ္မတ နစ်ကိုးလပ်စ်မာဒူရို ဦးဆောင်သော ဆိုရှယ်လစ် အစိုးရက ဈေးနှုန်းမြှင့်တင် ရောင်းချသော ဆိုင်များနှင့် ကုမ္ပဏီများကို ပြီးခဲ့သည့် သီတင်းပတ်က စ၍ နှိမ်နင်း အရေးယူလျက် ရှိရာ ယခုအခါ အဆိုပါ စီမံချက်နှင့် ဆက်စပ်ပြီး ဘူဇွာ စီးပွားရေး လုပ်ငန်းရှင် ၁၀၀ ကျော်ခန့်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီ ဖြစ်သည်ဟု Reuters သတင်းဌာနက ရေးသား ဖော်ပြသည်။

ထိုသို့ နိုင်ငံတွင်း စီးပွားရေး လုပ်ကိုင်ရာ၌ ဈေး အဆမတန်တင်ကာ အမြတ်ကြီးစား လုပ်သည်ဟု စွပ်စွဲခံရသော လုပ်ငန်းရှင်များနှင့် ဘူဇွာ စီးပွားရေးသမားများအား ဖမ်းဆီး ထိန်းသိမ်းထားမှုကို သမ္မတ နစ်ကိုးလပ်စ်မာဒူရိုက အသိပေး ပြောကြားခြင်း ဖြစ်သည်။

“သူတို့ တစ်တွေဟာ အင်မတန် ယုတ်မာ ရိုင်းစိုင်းတဲ့ သူတွေပါ၊ အရင်းရှင် ကပ်ပါးကောင်တွေပေါ့။ လောလောဆယ်မှာ ကျွန်တော်တို့ အနေနဲ့ ဘူဇွာ အယောက် ၁၀၀ လောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ဖြစ်ပါတယ်” ဟု အနောက်ကမ္ဘာ ဆန့်ကျင်ရေး ကွန်မြူနစ် ခေါင်းဆောင်ကြီး ဟူဂိုချာဗက်၏ နေရာကို ရယူထားသူ သမ္မတ နစ်ကိုးလပ်စ်မာဒူရိုက ရှုတ်ချ ပြောဆိုသည်။

ထိုသို့ အမြတ်ထုတ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ယခုအခါ ဗင်နီဇွဲလား ဆိုရှယ်လစ် အစိုးရသည် စီးပွားရေး လုပ်ငန်းများ အနေနှင့် အမြတ်အစွန်း ရယူမှုအား ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိသာ ရယူခွင့်ပြုမည့် ဥပဒေတစ်ရပ်အား ရေးဆွဲရန် ပြင်ဆင်လျက် ရှိကြောင်း ၎င်းက ဆိုသည်။

ဗင်နီဇွဲလားတွင် ရိုးသားမှု မရှိသော စီးပွားရေး ကုမ္ပဏီများသည် အီလက်ထရွန်နစ်နှင့် အခြားသော ကုန်ပစ္စည်းများကို ၁၀၀၀ ရာခိုင်နှုန်းထက် ကျော်လွန်ကာ ဈေးတင် ရောင်းချခဲ့ကြကြောင်း အစိုးရ အရာရှိများက ပြောကြားသည်။

ဝေဖန်ရေးသမားများကမူ အောင်မြင်မှု မရှိသည့် ဆိုရှယ်လစ် စီးပွားရေး မူဝါဒများနှင့် နိုင်ငံခြားငွေကြေး ပိတ်ပင် ကန့်သတ်မှုများကြောင့် တိုင်းပြည်တွင် ငွေကြေး ဖောင်းပွမှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု ဆိုကြသည်။

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်က စတင်ပြီး ဗင်နီဇွဲလား စစ်သားများနှင့် စစ်ဆေးရေးသမား များသည် ဆိုင်ပေါင်း ၁၄၀၀ အား ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ပြီး လုပ်ငန်း လည်ပတ်မှုများကို ကိုင်တွယ် ထိန်းချုပ်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

ရှောင်တခင် ဝင်ရောက် စစ်ဆေးမှု ပြုလုပ်ခဲ့သည့် လုပ်ငန်းများတွင် အီလက်ထရွန်နစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများ၊ ဘက်ထရီထုတ် စက်ရုံများ ပါဝင်ကြောင်းလည်း အာဏာပိုင်များက ဆက်လက် ပြောကြားသည်။

ယခုကဲ့သို့ စီးပွားရေးတွင် အစိုးရက ပြင်းထန်သော ဝင်ရောက် စွက်ဖက်မှုများ ပြုလုပ်ခြင်းသည် သမ္မတ နစ်ကိုးလပ်စ်မာဒူရို အာဏာ ရရှိခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဖြစ်သည်။

အီလက်ထရွန်နစ် ဆိုင်ပိုင်ရှင် တစ်ဦးကမူ ၎င်းတို့အား ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ ပစ္စည်းများအား ဖိအားပေး ဈေးလျှော့ချ စေခိုင်းခြင်းကြောင့် အမြတ်အစွန်း မရရှိတော့ကြောင်း ပြောကြားသည်။