တောင်ကြီးမီးပုံးပျံပွဲတော် ယခင်နှစ်ထက် လုံခြုံရေးရဲအင်အား နှစ်ဆအထိ တိုးမြှင့်ချထား

ပို့စ်တင်ချိန် - 11/11/2013 11:16:00 AM


နိုဝင်ဘာ ၁၀ ရက်က ညနေခြောက်နာရီခန့်က စတင်ဖွင့်လှစ်ခဲ့သော တောင်ကြီး မီးပုံးပျံပွဲတော်တွင် လုံခြုံရေးအင်အားကို ယခင်နှစ်ထက် နှစ်ဆတိုးမြှင့်ထားသည်ဟု တန်ဆောင်တိုင်ပွဲတော် ဖြစ်မြောက်ရေး ဆပ်ကော်မတီဝင် အတွင်းရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမြင့်ထူးက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့အနေနဲ့ လုံခြုံရေးအတွက် ရဲတပ်အင်အားကို ယခင်နှစ်အင်အားထက် နှစ်ဆချထားပါ တယ်။ သည်နှစ်မှာ ရဲတပ်သားအင်အား ၁,၀၀၀ ၀န်းကျင် ချထားပါတယ်၊ လုံခြုံရေးအတွက်လည်း ပွဲမစခင် ၁၀ ရက်လောက် ကြိုတင် ပြင်ဆင်ထားတယ်”ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဖွင့်ပွဲကို နိုဝင်ဘာ ၁၀ ရက် ညနေ ခြောက်နာရီခန့်က ကျောင်းကြီးစုရပ်ကွက်ရှိ၊ အဝေရာ မီးပုံးပျံကွင်းတွင် ကျင်းပသည်။

အဆိုပါ မီးပုံးပျံပွဲတော် ဖွင့်ပွဲ မကျင်းပမီ ညနေ ၅ နာရီတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တောင်ကြီးမြို့ စူဌာမုနိ ဘုရားကုန်းပြင်တွင် စိန်နားပန် မီးပုံးပျံတစ်လုံးကို ဘုရားမီးပူဇော်သည့်အနေဖြင့် လွှတ်တင်သည်။

ယင်းနောက် ဖွင့်ပွဲတွင် ရှမ်းပြည်နယ် ယဉ်ကျေးမှုအကအဖွဲ့က ကိန္ဒရီ၊ ကိန္ဒရာအကနှင့် ဓားသိုင်းအကတို့ ဖြင့် ကပြဖျော်ဖြေပေးခြင်း၊ တောင်ကြီး ပညာရေးကောလိပ် သင်တန်းသူများနှင့် ရှမ်းပြည်နယ် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များဖြစ်သည့် လီဆူ၊ ဓနု၊ တောင်ရိုး၊ ပအိုဝ်း၊ ရှမ်း၊ ကိုးကန့်၊ အင်းအဖွဲ့များက တန်ဆောင်တိုင်သီချင်းများဖြင့် ဆီမီးခွက်အကဖြင့် ဖျော်ဖြေခဲ့ပြီး ဖွင့်ပွဲ မီးရှူးမီးပန်းများကို ပြည်နယ်ဝန်ကြီးချုပ်က ဖွင့်လှစ်ပေးသည်။

ဖွင့်ပွဲတွင် မီးရှူး၊ မီးပန်းများ ပစ်ဖောက်ခြင်း၊ စိန်နားပန် မီးပုံးကြီးတစ်လုံး လွှတ်တင်ခြင်းနှင့် မီးပုံးပျံငယ် ၅၀၀ လွှတ်တင်ပြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲဝင် မီးပုံးများ ဆက်လက် ယှဉ်ပြိုင်သည်။

ဖွင့်ပွဲသို့ လာရောက်သည့် ပရိသတ်စုစုပေါင်း ခန့်မှန်းအရေအတွက် သုံးသိန်းကျော်ခန့် ရှိနိုင်သည်ဟု ပွဲဖြစ်မြောက်ရေး ဆပ်ကော်မတီမှ ခန့်မှန်းပြောဆိုသည်။

အဆိုပါပွဲသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို ၀င်ကြေးကောက်ခံတော့မည်မဟုတ်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို နိုဝင်ဘာလဆန်း က ပြောထားသေးသည်။

တန်ဆောင်တိုင်ပွဲတော်လာသည့် နိုင်ငံခြားသား ခရီးသွားများကို ပြီးခဲ့သည့်နှစ်က ကင်မရာကြေးနှင့် ဧည့်ဝင်ကြေးများ ကောက်ခံခဲ့သော်လည်း ပြည်နယ်အစိုးရက ယခုနှစ်တွင် ကောက်ခံခြင်း မပြုလုပ်ရန် ညွှန်ကြားထားသောကြောင့် ကောက်ခံမည်မဟုတ်ဟု အဆိုပါ တာဝန်ရှိသူက ဆိုခြင်းဖြစ်သည်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ညမီး ကြီး ၆၈ လုံး၊ စိန်းနားပန် ၃၄ လုံး၊ နေ့လွှတ် အရုပ်စုစုပေါင်း ၁၆၀ ကျော် ပါဝင်ကြောင်း မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဂျွန်ချစ်ငြိမ်း
Mizzima - News in Burmese