မွန်ပြည်နယ် လွှတ်တော် အထူးအစည်းအဝေးတွင် ရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်းရေး ဥပဒေကြမ်း တင်သွင်း

ပို့စ်တင်ချိန် - 11/06/2013 10:57:00 AM


မော်လမြိုင်၊ နိုဝင်ဘာ ၎

မွန်ပြည်နယ် မော်လမြိုင်တွင် နိုဝင်ဘာလ ၄ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် လွှတ်တော် အထူးအစည်းအဝေးတွင် မွန်ပြည်နယ် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေး ဥပဒေကြမ်းကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ နိုင်စံတင် က တင်သွင်းခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေး ဥပဒေသည် မွန်ပြည်နယ်အတွက် ရေးဆွဲဆောင်ရွက်ရန် အမှန်တကယ် လိုအပ်နေသော ဥပဒေ ဖြစ်ကြောင်း၊ မွန်ပြည်နယ်သည် ရှေးဟောင်း မွန်လူမျိုးများ ကိုယ့်နည်းကိုယ့်ဟန်နှင့် နေထိုင် စိုးစံခဲ့ကြောင်း၊ မြို့ရိုးနှင့် ရှေးဟောင်း အမွေအနှစ်များ များစွာကျန်ရှိခဲ့ကြောင်း နိုင်စံတင်က တင်ပြခဲ့သည်။

ယင်းအပြင် မွန်ပြည်နယ်တွင် နှစ်ပေါင်းများစွာက ကျန်ခဲ့သော ရှေးဟောင်း ဗိသုကာလက်ရာများ၊ လက်မှုပညာ လက်ရာများ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ ဓလေ့ထုံးစံ ရိုးရာအစဉ်အလာများ အားလုံး မွန်ပြည်နယ်တွင် အခြေစိုက် နေထိုင်သူတိုင်း ထိန်းသိမ်းရန် လိုအပ်ပါကြောင်း၊ အဆိုပါ ဥပဒေကြမ်းကို ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနနှင့် ညှိနှိုင်းပြီး မွန်ပြည်နယ် ဥပဒေပြုရေးဆိုင်ရာ ကော်မတီက မူကြမ်းရေးဆွဲကာ ပြည်နယ်လွှတ်တော်ရေးရာ ကော်မတီ ပူးပေါင်းပြီး စိစစ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ဥပဒေတစ်ခုအဖြစ် လိုအပ်သည့် စစ်ဆေးမှုများ အထပ်ထပ်အခါခါ စိစစ်ဆောင်ရွက်ခဲ့ကြောင်း နိုင်စံတင်က လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်း အတည်ပြု ပြီးပါက ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရာတွင် ပိုမိုလွယ်ကူသွားမည် ဖြစ်ပြီး ယင်းဥပဒေသည် မွန်ဒေသအတွက် တန်ဖိုးရှိသည့် ဥပဒေတစ်ရပ် ဖြစ်သည်ဟု မွန်ပြည်နယ် စီမံနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောကြားသည်။
“ကျွန်တော်တို့ မွန်ပြည်နယ်ဟာ ရှေးဟောင်းဒေသ မြို့ဟောင်းတွေ အများကြီး ရှိတာပဲ၊ ဒါတွေကလည်း တစ်ပိုင်းတစ်စနဲ့ အခုချိန်ထိ ရှိနေတာလည်းရှိတယ်၊ တိမ်မြုပ်သွား တာတွေလည်း ရှိတယ်၊ ပြီးတော့ အကြောင်းကြောင်းကြောင့် ရာသီဥတုဒဏ်၊ လူတွေ ဖျက်ဆီးလိုက်တဲ့ဒဏ် ကျေးရွာ ရပ်ကွက်တွေ တိုးချဲ့ခြင်းအားဖြင့် ပျက်စီးသွားတာလဲ အများကြီး အင်မတန် နှမြောဖို့ ကောင်းပါတယ်။ ဒီဥပဒေ ရှိခြင်းအားဖြင့် အတိုင်းအတာ တစ်ခုထိ ကျွန်တော်တို့ ထိန်းသိမ်းနိုင်မယ်၊ အဲဒါကတော့ ကျွန်တော်တို့အတွက် တန်ဖိုးရှိတဲ့ ဒီဥပဒေရဲ့ တန်ဖိုးပေါ့နော်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ကိုယ်ပိုင် ပြဋ္ဌာန်းထားသည့် ဥပဒေ မရှိခြင်းကြောင့် ပြည်ထောင်စု ဥပဒေအတိုင်း လုပ်ကိုင် ဆောင်ရွက်နေရသည့်အတွက် အခက်အခဲ ရှိနေကြောင်း၊ အကယ်၍ ယင်းဥပဒေကြမ်း အတည်ပြုပြီး ပါက လက်ရှိထက် လုပ်ပိုင်ခွင့် ပိုမို ရရှိနိုင်ကြောင်းလည်း ၎င်းကပြောကြားသည်။

မွန်တို့၏ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းမှု မရှိခဲ့သည့်အတွက် ယခုနောက်ပိုင်းတွင် ပျက်စီးမှုများ ရှိခဲ့ပြီး၊ ရှေးဟောင်း ဂူဘုရားများတွင်လည်း စီးပွားရေး လုပ်ငန်းရှင်တို့၏ ဘိလပ်မြေ ထုတ်လုပ်ရန် မိုင်းခွဲခြင်း၊ တောင်ဖြိုခြင်းတို့ကြောင့် ဂူများ အတွင်းရှိ ရှေးဟောင်းမွန်တို့၏ လက်ရာ ဘုရားများ ပျက်စီးမှု ရှိနေသည်။

တိမ်မြုပ် ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် မွန်တို့၏ ရှေးဟောင်းမြို့ရိုးများ၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပြန်လည် ဖော်ထုတ်ရန်နှင့် ကာကွယ် ထိန်းသိမ်းရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

မွန်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု အမွေအနှစ်များကို ဆက်လက် ထိန်းသိမ်းရန်နှင့် ကမ္ဘာလှည့် ခရီးသွားများ၊ မွန်ပြည်နယ်သို့ လာရောက် လည်ပတ်သူများ ကြည့်ရှု လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည် ဖော်ထုတ်ရခြင်း ဖြစ်သည်ဟု ဒေါက်တာမင်းနွယ်စိုးက ပြောကြားသည်။

Dawei Watch