အမြန်လမ်းပေါ် အိပ်ငိုက်မောင်း၍ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 11/07/2013 06:07:00 PM


အမြန်လမ်းပေါ်တွင် ယာဉ်မောင်းအိပ်ငိုက်နေ၍ အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်ကာ အမျိုးသားနှစ်ဦးသေဆုံးပြီး အမျိုးသမီးသုံးဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၄ ရက် နံနက် ၅ နာရီကျော်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၂၁/၂ နှင့် ၁၂၁/၃ ကြား ဗောဓိကုန်းတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယာဉ်မောင်းအပါအ၀င် အမျိုးသားနှစ်ဦးသေဆုံးကာ အမျိုးသမီးသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် ပရာဒိုအမျိုးအစားယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီး ကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံးများအား ၀င်တိုက်မိကာ လမ်းလယ်ကျွန်းပေါ်သို့ရောက်ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။  ထို့ကြောင့် ယာဉ်မောင်းသေဆုံးပြီး ကားပေါ်တွင်ပါလာသည့် အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့သည်။ အမျိုးသမီးနှစ်ဦးနှင့် အသက် ၁၀ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးတို့ ဒဏ်ရာများရရှိခဲ့သောကြောင့် ဖြူးဆေးရုံသို့ တင်ပို့ကုသထားကြောင်း သတင်းရရှိသည်။

““အခုဖြစ်တဲ့ အဲဒီနေရာမှာတော့ အရင်က မဖြစ်ခဲ့ဘူး။ အခု အက်ဆီးဒင့်ကြောင့် ကားကတော့ တော်တော်ပျက်စီးသွားတယ်ဗျ။ ဒဏ်ရာရတဲ့သူနှစ်ယောက်ကိုတော့ ဖြူးဆေးရုံ ပို့ပေးလိုက်တယ်။နောက်ပိုင်းအခြေအနေတော့ မသိတော့ဘူး”” ဟု အုတ်တွင်း အမြန်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။

အဆိုပါယာဉ်သည် ရှေ့ ခေါင်းပိုင်းအမိုး ကြေမွပျက်စီးကာ ရှေ့နောက်လေကာမှန်များ ကွဲသွားသောကြောင့် တန်ဖိုးငွေကျပ် သိန်း ၄၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဇာနည်ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဇော်လွင်ကို ဗောဓိကုန်းအမြန်လမ်းရဲစခန်းမှ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၄-က/၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

7DAY DAILY