အိမ်ဖော်မိန်းကလေးကို ကြိမ်လုံးဖြင့် ရိုက်နှက်နှိပ်စက်မှု အိမ်ရှင်လင်မယား အမှုဖွင့်ခံရ

ပို့စ်တင်ချိန် - 11/18/2013 12:15:00 PM


ရွှေပြည်သာမြို့နယ်တွင် ဆယ်ကျော်သက်အိမ်ဖော်မိန်းကလေးကို ကြိမ်လုံးဖြင့် ရိုက်နှက်နှိပ်စက်သည့် အိမ်ရှင်လင်မယား အမှုဖွင့်အရေးယူခံရကြောင်း သတင်းရရှိသည်။

ရွှေပြည်သာမြို့နယ် ၁၂ ရပ်ကွက်ရှိ နေအိမ်တွင် ငါးလကြာ အိမ်ဖော်အဖြစ် လုပ်ကိုင်နေသည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို  နေအိမ်ပိုင်ရှင်တို့က နေအိမ်အတွင်း ညှဉ်းပန်းနှိပ်စက်၍ ကြိမ်လုံးများဖြင့် ရိုက်နှက်ခဲ့သဖြင့် အဆိုပါအိမ်ဖော်မှာ နိုဝင်ဘာ ၁၄ ရက်တွင် နေအိမ်မှ ထွက်ပြေးခဲ့သည်။

““အန်တီတို့အိမ်ကို ကလေးမလေးက ရောက်လာတယ်။ သူ့ ဒဏ်ရာတွေကို ပြတယ်။ အဘွားရယ် သမီးမခံနိုင်တော့လို့ ထွက်ပြေးလာတာ။ သမီးကိုပြန်မပို့ပါနဲ့လို့ ပြောပြီး သမီးမိဘတွေဆီပြန်ပို့ပေးပါလို့ ပြောတာ။ သူ့ရဲ့ ဒဏ်ရာတွေကလည်း တစ်ကိုယ်လုံး ရစရာကိုမရှိပါဘူး။ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့ကို ပြောတော့ သူတို့တွေက အမှုဖွင့်ပေးမလိုနဲ့ မဖွင့်တော့ အန်တီတို့ပါတီဥက္ကဋ္ဌက တရားလိုပြပြီး ၁၄ ရက်က ရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်”” ဟု အဆိုပါမိန်းကလေးအား ခေါ်ယူစောင့်ရှောက်ထားသော ဒီချုပ်ပါတီဝင် ဒေါ်ဝင်းက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကာယကံရှင်အမျိုးသမီးငယ်က““သမီးကို ဒီအိမ်ရောက်ပြီး တစ်လအကြာလောက်မှာ သူတို့စိတ်တိုင်းမကျတဲ့အလုပ်ဆိုရင် ကြိမ်လုံးတွေနဲ့ ရိုက်တယ်။ လည်ပင်းလည်းညှစ်တယ်။ သနပ်ခါးတုံးတွေနဲ့လည်း ထုတယ်။ အ၀တ်လျှော်လို့ ရေလျှံရင်လည်း ရိုက်တယ်။ အပြစ်မရှိ အပြစ်ရှာပြီး ရိုက်တယ်။ သမီးကို လေးလလုံးလုံး အပြစ်မရှိ အပြစ်ရှာပြီးရိုက်လို့ သူတို့ဘုရားဖူးသွားတဲ့အချိန် အိမ်ကနေ ထွက်ပြေးလာခဲ့တာ”” ဟု ဆိုသည်။

အဆိုပါ အိမ်ဖော်အမျိုးသမီးငယ်သည် နေအိမ်ပိုင်ရှင်မိသားစု နိုဝင်ဘာ ၁၇ ရက်ညနေက ဘုရားဖူးသွားကြစဉ် ၎င်းအား စောင့်ကြည့်ရန် ထားခဲ့သည့် အလုပ်သမားမရှိခိုက် သံဆူးကြိုးခတ်ထားသော နေအိမ်ခြံစည်းရိုးကို ကျော်ခွပြီး ဒီချုပ်ပါတီရုံးသို့ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။

အမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေပြည်သာမြို့နယ် ရဲစခန်းတွင် (ပ) ၈၄၆/၁၃ အရ ပြစ်မှုဆိုင်ရာ ပုဒ်မ-၂၉၄/၃၂၅/၅၀၆ အရ အိမ်ရှင်လင်မယားနှစ်ဦးကို အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

7day Daily