ဧည့်စာရင်းလာစစ်သော ဆယ်အိမ်မှူး မဖွယ်မရာပြုလုပ်ပြီး ရိုက်နှက်

ပို့စ်တင်ချိန် - 11/20/2013 05:03:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၁၉။

ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်တွင် ဆယ်အိမ်မှူးသည် ဧည့်စာရင်းစစ်မည်ပြောပြီး အိမ်ရှင်အမျိုးသမီးကို မဖွယ်မရာ ပြုလုပ်ကာ ဘေးမှ ၀င်ရောက်ပြောဆိုသူကို အုပ်စုဖွဲ့ရိုက်နှက် ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး တပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ ဆယ်အိမ်မှူးသည် နိုဝင်ဘာ ၁၈ ရက်၊ နံနက် ၁ နာရီတွင် မသီတာစန်းမြနေအိမ်သို့ “ငါကဒီရပ်ကွက်ရဲ့ ဆယ်အိမ်မှူး ဧည့်စာရင်း စစ်မယ်” ဟုပြောကာ မသီတာစန်းမြ၏ ခန္ဓာကိုယ်အား ပွတ်သပ်ကာမဖွယ်မရာ ပြုလုပ် ခဲ့ကြောင်း၊ ထိုသို့ ပြုလုပ်မှုကြောင့် ဘေးမှ မသီတာစန်းမြ၏ သူငယ်ချင်းဖြစ်သူ ဦးကျော်မျိုးနိုင်က ၀င်ရောက်ပြောဆိုရာ “မင်းကဘာကောင်မို့လဲ ငါ့အကြောင်းသိမယ်” ဟု ပြောကာ ထွက်သွားခဲ့သည်။

ယင်း ဆယ်အိမ်မှူးထွက်သွားပြီး ခဏအကြာ အဆိုပါ ဆယ်အိမ်မှူး ဦးဆန်းဝင်းနှင့် အမည်မသိ လူနှစ်ဦးတို့ ရောက်ရှိလာပြီး ဦးကျော်မျိုးနိုင် အား ပါလာသောကြိုးနှင့် လက်ပြန်တုတ်၍ ၀ါယာကြိုးများဖြင့် ရိုက်နှက်ကာ ဦးဆန်းဝင်း၏ အိမ်ရှေ့လမ်းမပေါ်တွင် ထိပ်တုံးခတ်ထားခဲ့ကြောင်း၊ နံနက် ၃ နာရီအချိန် မသီတာစန်းမြမှ တစ်ခြားရာအိမ်မှူး တစ်ဦးထံသွားရောက်အကြောင်းကြားမှသာ ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းရုံးမှ သိရသည်။

ရှိုက်နှက်မှုကြောင့် ကျော်မျိုးနိုင်တွင် ၀ဲယာပုခုံး၊ ယာလက်မောင်း၊ ကျောကုန်းနှင့်ခြေထောက်တို့တွင် နာကျင်ဒဏ်ရာများရရှိကာ သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ပြင်ပလူနာအဖြစ် ကုသခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသ ကြီး တပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဦးဆန်းဝင်းပါ သုံးဦးအား ဒဂုံဆိပ်ကမ်း မမစ (ပ) ၄၀၇/၁၃ ပြစ်မှုပုဒ်မ- ၃၅၄/၃၄၂/၃၂၃/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရေးသားသူ- ဝေဖြိုး
တည်းဖြတ်- အေးငြိမ်းသူ

People power