ဆောင်းရာသီ နှင့် ကျန်းမာရေး

ပို့စ်တင်ချိန် - 11/21/2013 10:15:00 AM


အခုရက်ပိုင်း ရန်ကုန်မြို့ မှာတောင် ညနေခင်းတွေ၊ မနက်ခင်းတွေမှာ အအေးဓာတ်လေးတွေကို ခံစားနေရပြီဆိုတော့ နယ်မြို့  တွေမှာတော့ အအေးဓာတ်ကိုသိသိသာသာ ရနေလောက်ပြီ။ ညနေခင်းတွေမှာ ၆ နာရီလောက်ဆိုရင် အလင်းရောင်ပြောက်ပြီး မှောင်နေပါပြီ။ ဒါဆိုရင်တော့ ဆောင်းဝင်နေပြီပေါ့။ ဆောင်းဝင်ပြီဆိုတာကို ဒီလို ရာသီဥတု အခြေအနေတွေကနေပဲ သိရတာတော့မဟုတ်ပါဘူး။ ဒီရက်ပိုင်း လူတော်တော်များများ ဆီက လည်ပင်းနာတယ်၊ ချောင်းဆိုးတယ်၊ နှာစီးတယ် စတဲ့ အသံလေးတွေကြားနေရပါတယ်။ ဒါတွေဟာ ရာသီဥတုအပြောင်းအလဲတွေရဲ့ လက္ခဏာတွေပါပဲ။
" အလွန်အေးတဲ့ ရာသီ၊ အလွန်ချမ်းတဲ့ရာသီ မယ်တစ်ရွာမောင်တစ်မြို့ တော့နေလို့ လဲမဖြစ်နိုင်ပါပြီ။ " စတဲ့သီချင်းလေးတွေ နဲ့  ဆောင်းရာသီဟာ လွမ်းမောစရာကောင်းလှပါတယ်။ မနက်စောစောတောင်ကုန်းတွေပေါ်မှာ မြူတွေအုပ်ဆိုင်းနေတဲ့ကြားက ထွက်ပေါ်လာတဲ့ နေမင်းကြီးရဲ့ အလှ၊ အမေနဲ့ ကျွန်မ လမ်းလျှောက်ပြီးအပြန် ၀ယ်လာတဲ့ ကောက်ညှင်းပေါင်းပူပူ နဲ့ အကြော်စုံ၊ ချမ်းချမ်းအေးအေးကြားထဲက တန်ဆောင်တိုင်ပွဲတော်၊ သူငယ်ချင်းတွေနဲ့ အတူတူတစ်ယောက်တစ်ပေါက် အော်ဟစ်ပြေးလွှားပြီး ကျူရှင်တက်ခဲ့ရတဲ့ ဆောင်းမနက်ခင်းတွေ၊ မီးလှုံရင်းစာကျက်ရင်း စားခဲ့ရတဲ့ ပြောင်းဖူးဖုတ်၊ ကန်စွန်းဥဖုတ်တွေ ကို ဆောင်းရာသီ ရောက်လာတိုင်း ကျွန်မလွမ်းမိပါတယ်။ ခရီးတွေလဲခဏခဏ ထွက်ရတဲ့ ကျွန်မ ရာသီဥတုပူပြင်းခြောက်သွေ့ တဲ့ဒေသတွေထက် ရှမ်းပြည်နယ်၊ ကယား ပြည်နယ်တွေလိုမျိုး အေးတဲ့ဒေသတွေကို ပိုသဘောကျပါတယ်။ ရာသီဥတုမှာဆိုရင်လဲ နွေရာသီတွေ၊ မိုးရာသီတွေထက် ဆောင်းရာသီကတော့ အလုပ်လုပ်ရတာ၊ သွားရလာရ နေရထိုင်ရတာတွေလဲ ပိုပြီးသက်တောင့်သက်သာရှိပါတယ်။ ခြုံငုံပြီးပြောရရင်တော့ ဆောင်းရာသီဟာ လူတွေအတွက် တော်တော်လေး အဆင်ပြေတယ် လို့ ကျွန်မမြင်ပါတယ်။ ဒါပေမယ့် အေးမြပြီး ခြောက်သွေ့ လှတဲ့ရာသီဥတုဒဏ်ကြောင့် လူတွေမှာ အထူးသဖြင့် ခုခံအားနည်းတဲ့သူတွေမှာ နာမကျန်းမှုတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အခုလို မိုးအကုန် ဆောင်းအကူးအချိန်ကနေစပြီး ဆောင်းတွင်းမှာ ဘာရောဂါတွေ အဖြစ်များတယ်၊ ရောဂါတွေမဖြစ်အောင်ဘယ်လို ကာကွယ်ရမယ်ဆိုတာကို သိရှိပြီး ကြိုတင်ပြင်ဆင် ကာကွယ်လို့ ရအောင် ဆောင်းရာသီမှာအဖြစ်များတဲ့ ရောဂါတွေ အကြောင်းကို အနည်းငယ်တင်ပြလိုက်ပါတယ်။

၁။ လည်ပင်းနာခြင်း

ဆောင်းရာသီမှာ ရာသီဥတုအပြောင်းအလဲတွေကြောင့် အဖြစ်များတာကတော့ လည်ပင်းနာခြင်းတွေပါပဲ။ ရာသီဥတု ပူတဲ့ ဒေသကနေ အရမ်းအေးတဲ့ ဒေသကို ခရီးထွက်တာမျိုး၊ အနွေးဓာတ်ပေးထားတဲ့ အိမ်ထဲနဲ့  အအေးဓာတ်လွန်ကဲတဲ့ အပြင်ဘက်ကို မကြာခဏ အ၀င်အထွက်လုပ်တာမျိုး၊ ကိုယ့်ဒေသရဲ့ ရာသီဥတု အပူချိန် ရုတ်တရက်ပြောင်းလဲ သွားတာမျိုး တွေကြောင့် ဗိုင်းရပ်စ်ပိုးတွေပေါက်ဖွါးပြီး လည်ပင်းနာခြင်းတွေဖြစ်တတ်ပါတယ်။ လည်ပင်းနာလာပြီဆိုရင်တော့ မိမိကိုယ်တိုင် အမြန်ဆုံးနဲ့ အထိရောက်ဆုံးကုသနိုင်တဲ့နည်းလမ်းကတော့ ဆားရေ နွေးနွေးလေးနဲ့ ပလုပ်ကျင်းပေးဖို့ ပါပဲ။ ဆားရေ က ပိုးတွေကို သေအောင်သတ်နိုင်တာမျိုးမဟုတ်ပေမယ့် လည်ပင်းထဲမှာ ဖြစ်နေတဲ့ ရောင်ရမ်းမှုတွေကို လျော့နည်းစေပြီး လည်ပင်းနာတာတွေကို သက်သာစေပါတယ်။

၂။ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း

လေးဖက်နာရောဂါ၊ ဂေါက်ရောဂါ၊ အရိုးပွ အဆစ်ရောင်နာ စတဲ့ အရိုးအဆစ်ရောဂါ ရှိတဲ့လူတွေသာမက အရိုးအဆစ်တွေမှာ ဒဏ်ဖြစ်ဖူးတဲ့ လူတွေမှာပါ ဆောင်းတွင်းရောက်ပြီဆိုရင် အအေးဓာတ်ကြောင့် နာကျင်ကိုက်ခဲမှုတွေကို ကြုံတွေ့ ရနိုင်ပါတယ်။ ဒီလိုကိုက်ခဲမှုတွေဖြစ်နေတယ်ဆိုပြီး အိမ်မှာနေမယ် အိပ်ရာထဲမှာလှဲနေမယ်ဆိုရင်တော့ နာကျင်မှုတွေကို မသက်သာနိုင်တဲ့အပြင် လေးလံထိုင်းမှိုင်းမှုကြောင့် ပိုပြီးတောင်ဆိုးလာနိုင်ပါတယ်။ ဆောင်းတွင်း အဆစ်အမြစ်နာကျင်မှုတွေကို သက်သာလျော့နည်းစေဖို့  အကောင်းဆုံးနည်းလမ်းကတော့ အားကစားလေ့ကျင့်ခန်းတွေမှန်မှန်လုပ်ပေးဖို့  ပါပဲ။

၃။ အသားခြောက်ခြင်း၊ ကွဲခြင်း

ဆောင်းရာသီမှာ ပြင်ပမှာရှိတဲ့ ရာသီဥတုကိုယ်တိုင်က ရေဓာတ်နည်းပါးပြီခြောက်သွေ့ နေတဲ့အတွက် ကျွန်မတို့  ရဲ့အသားအရေတွေဟာခြောက်သွေ့  ကြမ်းတမ်းလာနိုင်ပါတယ်။ အရမ်းကိုခြောက်လာပြီဆိုရင်တော့ အသားပတ်ခြင်း၊ ကွဲခြင်းတွေပါဖြစ်လာနိုင်ပါတယ်။ ဒီလို အသားခြောက်ခြင်း၊ အသားပတ်ခြင်း၊ အသားအရေ ကွဲအက်ခြင်းတွေကို ကာကွယ်နိုင်ဖို့ အတွက် ကျွန်မတို့  ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝနေဖို့  အဓိကလိုအပ်ပါတယ်။ ဒါကြောင့် ရေများများသောက်ခြင်း၊ အရည်ရွှမ်းတဲ့အသီးအနှံတွေစားခြင်း စတဲ့နည်းတွေကို ကျင့်သုံးဖို့ လိုအပ်ပါတယ်။ ဒါတင်မကသေးဘဲ ကျွန်မတို့ အရေပြားပေါ်မှာ ရေဓာတ်များတဲ့ Lotion၊ Cream ၊ အလှဆီ စတာတွေကိုလည်း မှန်မှန်လိမ်းပေးဖို့ လိုအပ်ပါတယ်။ ဒီလိုလိမ်းပေးခြင်းအားဖြင့် ကျွန်မတို့ အရေပြားထဲမှာရှိတဲ့ ရေဓာတ်တွေ ခမ်းမသွားအောင် ကာကွယ်တားဆီးထားနိုင်ပါတယ်။ Lotion တွေ အလှဆီတွေ လိမ်းမယ်ဆိုရင် အသင့်တော်ဆုံးအချိန်တွေကတော့ ရေချိုးပြီးစ အရေပြားပေါ်မှာ ရေဓာတ်တွေရှိနေသေးတဲ့ အချိန်နဲ့  ညအိပ်ရာဝင်ခါနီးအချိန်တွေပဲဖြစ်ပါတယ်။ နောက်ထပ် သတိထားရမယ့် အချက်ကတော့ ရေချိုးတဲ့အခါမှာ ရေနွေးပူပူတွေနဲ့ မချိုးပဲ ၊ ရေနွေးနွေးလေးဖြစ်အောင်စပ်ပြီးချိုးသင့်ပါတယ်။ ဘာလို့ လဲဆိုတော့ ရေနွေးပူပူတွေဟာ သင့်အသားအရေတွေကို ခြောက်သွေ့ ယားယံစေလို့ ပါပဲ။

၎။ နှုတ်ခမ်းကွဲခြင်း

နှုတ်ခမ်းကွဲခြင်းဆိုတာဟာလဲ အသားအရေ ခြောက်ခြင်း၊ ကွဲခြင်းတွေလိုပါပဲ ပြင်ပ ရာသီဥတုမှာ ရေဓာတ်နည်းပါးပြီး ခြောက်သွေ့  နေတဲ့ အတွက် ကျွန်မတို့ နှုတ်ခမ်းတွေဟာ လည်းခြောက်သွေ့ တင်းမာလာပြီး တဖြည်းဖြည်းကွဲအက်လာတာပါ။ ဒါကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေအောင် ရေများများသောက်၊ အရည်ရွှမ်းတဲ့အသီးအနှံတွေစားခြင်းစတာတွေပြုလုပ်ရမှာပါ။ ထို့ ပြင် ခန္ဓာကိုယ်အရေပြားပေါ်မှာ Lotion တွေ လိမ်းသလို မျိုးပဲ နှုတ်ခမ်းကိုလည်း အဆီပါတဲ့ နှုတ်ခမ်းနီလေးတွေလိမ်းပေးထားသင့်ပါတယ်။ ခြောက်သွေ့ နေတဲ့ နှုတ်ခမ်းကို မကြာခဏ လျှာနဲ့  သတ်တာမျိုးတွေကို တော့ မလုပ်မိအောင်သတိထားစေချင်ပါတယ်။

၅။ ရင်ကျပ်ခြင်း

ရင်ကျပ်ရောဂါရှိတဲ့လူတွေ၊ အသက်ရှူလမ်းကြောင်း မှာရောဂါတစ်ခုခုရှိတဲ့ လူတွေအတွက် အေးစက်တဲ့ ဆောင်းလေဟာ ပြဿနာတစ်ခုပါပဲ။ အေးလာပြီဆိုတာနဲ့ ချောင်းဆိုးတာတွေ၊ အသက်ရှူကျပ်တာတွေ၊ ရင်ကျပ်တာတွေ စဖြစ်လာပါတော့မယ်။ ဒါကြောင့် ရင်ကျပ်တတ်တဲ့လူတွေ၊ အဆုတ်နဲ့  အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါတစ်ခုခုဖြစ်ဖူးတဲ့လူတွေအနေနဲ့ ဆောင်းတွင်းရောက်လာပြီဆိုရင် သာမန်ထက်ကိုယ့်ကိုယ်ကို ပိုပြီးဂရုစိုက်ဖို့  လိုပါတယ်။ ရန်ကုန်လို သိပ်မအေးတဲ့ နေရာတွေမှာမသိသာပေမယ့် အအေးဓာတ်ပို တဲ့ဒေသတွေမှာ ဆိုရင် ဒီလိုရင်ကျပ်ရောဂါသည်တွေရဲ့ကျန်းမာရေးပြသနာတွေက သိသာပါတယ်။ ဒါကြောင့် အေးတဲ့ ဒေသမှာနေထိုင်တဲ့  ရင်ကျပ်ရောဂါသည်တွေအနေနဲ့  အပြင်ထွက်မယ်ဆိုရင် မိမိကိုယ်ကို နွေးနွေးထွေးထွေးဖြစ်အောင် အ၀တ်အစားထူထူဝတ်၊ မာဖလာ၊ ဦးထုပ်တွေသေချာဆောင်းဖို့ လိုအပ်ပါတယ်။ ဒါတင်မကသေးဘူး မိမိသောက်နေကျ ဆေးတွေ၊ ရင်ကျပ်ရင်ရှူရတဲ့ရှူဆေးဗူးတွေကိုလဲ ကိုယ်နဲ့  မကွာအမြဲဆောင်ထားနိုင်ဖို့ ဂရုစိုက်သင့်ပါတယ်။

၆။ အအေးမိ ဖျားနာခြင်း

ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အအေးမိဖျားနာခြင်းတွေက အေးစက် ခြောက်သွေ့ တဲ့ရာသီဥတုတွေမှာ ပေါက်ဖွါးတတ်တဲ့ ဗိုင်းရပ်စ်ပိုးတွေ ကြောင့်ပါ။ ဒါကြောင့် ဆောင်းရာသီမှာ ရာသီဥတုအေးလွန်းလို့ ရေမကိုင်ချင်ဘူးဆိုတာမှန်ပေမယ့် အပြင်ထွက်မိတယ်၊ ပြင်ပက ပစ္စည်းတွေကိုကိုင်တွယ်မိတယ် ဆိုရင်တော့ လက်တွေကိုသေချာဆေးကြောပေးဖို့ လိုအပ်ပါတယ်။ ဒါတင်မကသေးပါဘူး အိမ်မှာတစ်ယောက်ယောက်ဖျားနာ ပြီဆိုရင်တော့ အဲ့ဒီ ဗိုင်းရပ်စ်တွေဟာ တစ်ခြားလူတွေကိုပါ ကူးစက်နိုင်တဲ့အတွက် သူ့ အတွက် ရေခွက်၊ ထမင်းပန်ကန်၊ မျက်နှာသုတ်ပုဝါတွေက အစ သပ်သပ်ခွဲထားပေးပြီးသေသေချာချာ လျှော်ဖွတ်ဆေးကြောဖို့ လို အပ်ပါတယ်။

ကျွန်မအထက်မှာ ဖော်ပြပေးတဲ့ ရောဂါတွေက အအေးဓာတ်ကြောင့်၊ ရာသီဥတုခြောက်သွေ့ ခြင်းတွေကြောင့် ဆောင်းရာသီမှာ အဖြစ်များတဲ့ရောဂါတွေပါ။ ဒီလိုရောဂါတွေ မဖြစ်ရအောင်၊ ဆောင်းရာသီကို သက်တောင့်သက်သာနဲ့ ကျော်ဖြတ်နိုင်အောင်၊ ဆောင်းတွင်း ရဲ့အေးမြလှပမှုတွေကို ပြည့်ပြည့်၀၀ခံစားနိုင်အောင် ကျွန်မတို့ ကာကွယ်မှုတွေပြုလုပ်လို့ ရနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ ဘယ်လို နေထိုင်၊ စားသောက်မှုတွေ ပြုလုပ်ရမယ်ဆိုတဲ့ အကြောင်းလေးကိုလည်း အနည်းငယ်ဖြည့်စွက်ပါရစေ။

၁။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ နို့ ထွက်ပစ္စည်းတွေ များများစားပါ။
အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်တွေမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်တွေ၊ သက်စောင့်ဓာတ်တွေ၊ ဓာတ်တိုးဆန့်  ကျင်ပစ္စည်းတွေပါဝင်တဲ့အတွက် နာမကျန်းဖြစ်စေတဲ့ ပိုးမွှားတွေရဲ့ရန်ကနေကာကွယ်နိုင်တဲ့အပြင် ရောဂါကြီးကြီး တွေမရအောင်လည်း တားဆီးနိုင်ပါတယ်။ နို့ နဲ့ နို့ ထွက်ပစ္စည်းတွေ ကတော့ အရိုးကျိုးခြင်းတွေကိုကာကွယ်ပေးနိုင်တဲ့ အပြင် အသားအရေခြောက်သွေ့  ယားယံခြင်းတွေကိုလဲ ကာကွယ်ပေးနိုင်ပါတယ်။

၂။ အိပ်စက်ခြင်း နဲ့ အားကစားလှုပ်ရှားမှုတွေအတွက် အချိန်ပိုပေးပါ။
ဆောင်းရာသီမှာ အားကစားလှုပ်ရှားမှုတွေပြုလုပ်ရင်း လေကောင်းလေသန့် တွေကို ရှူရှိုက်ခြင်းအားဖြင့် သင့်ရဲ့ ခုခံအားစနစ်ကို ပိုမို အားကောင်းစေရုံသာမက သင့်ကို ကိုယ်ရောစိတ်ပါ လန်းဆန်းတက်ကြွစေမှာပါ။ ညဘက်တွေမှာ ညဥ့်နက်တဲ့ အထိ တီဗွီကြည့်ခြင်း၊ ဂိမ်းဆော့ခြင်းတွေမလုပ်ပဲ စောစော အိပ်ရာဝင်ခြင်းအားဖြင့်လည်း သင့်ကို အားပြည့်ပြီး လန်းဆန်းစေပါတယ်။ လေ့လာသူတွေကတော့ ကောင်းကောင်းအိပ်ပြီး အားကစားလှုပ်ရှားမှုတွေလဲ လုပ်တတ်တဲ့သူတွေဟာ တစ်ခြားလူတွေလောက် အအေးမိ၊ ဖျားနာခြင်းတွေ မဖြစ်တတ်ပါဘူးတဲ့။ ကျွန်မတို့ ပြောလေ့ရှိတဲ့ အတိုင်းပဲပေါ. " စောစောအိပ်လို့ ၊ စောစောထလို့ ၊ စောစော လမ်းလျှောက်ကြပါစို့ "

၃။ ဟင်းခတ်အမွှေးအကြိုင်များများဖြင့် ချက်ပြုတ်စားသောက်ပါ။
ကျွန်မတို့ ဟင်းချက်တဲ့နေရာမှာသုံးတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေမှာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ဓာတ်သဘာဝတွေပါပါတယ်။ ဥပမာ။ သစ်ကြမ်းပိုးခေါက်တွေဟာ အစာခြေစနစ်ကိုကောင်းမွန်စေပြီး နှာရည်ယို၊ နှာပိတ်ခြင်းတွေကိုလည်း သက်သာစေပါတယ်။ ဇာတိပ္ဖိုလ်သီး ဟာ အဆစ်အမြစ်နာကျင်ကိုက်ခဲမှုတွေကို သက်သာစေတဲ့အပြင် သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပါတယ်။ နနွင်း၊ ငရုတ်သီး၊ ငရုတ်ကောင်း၊ ဂျင်း စတာတွေကတော့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေတဲ့ အပြင် ရောင်ရမ်းမှုတွေကိုလည်းလျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်း၊ နှာရည်ယို၊ နှာပိတ်ခြင်း တွေမဖြစ်အောင် ကာကွယ်ချင်တယ်ဆိုရင်တော့ အစားအသောက်တွေချက်ပြုတ်တဲ့နေရာမှာ ဒီဟင်းခတ်အမွှေးအကြိုင်တွေကို ထည့်သွင်းချက်ပြုတ်သင့်ပါတယ်။

၎။ အရည်များများသောက်ပါ။
ကျွန်မ အထက်မှာပြောခဲ့ သလိုပါပဲ ဆောင်းရာသီမှာ ပတ်ဝန်းကျင်လေထုကိုယ်တိုင်က အေးစက်ခြောက်သွေ့ နေတဲ့အတွက် မိမိတို့  ခန္ဓာကိုယ် ကိုလည်းရေဓာတ်ခြောက်သွေ့ ခြင်းတွေကနေ ကာကွယ်ဖို့ အရည်တွေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Alcohol မပါပဲ ရေဓာတ်များများပါတဲ့ အရည်တွေကို များများသောက်ပေးသင့်ပါတယ်။ ရေ ကတော့ အကောင်းဆုံးဖြစ်ပေမယ့် လက်ဖက်စိမ်းဖျော်ရည် တွေဟာလည်း ဓာတ်တိုးဆန့် ကျင်ဂုဏ်သတ္တိရှိတဲ့ အပြင် အဆီလည်းကျစေတဲ့အတွက် သောက်ပေးသင့်ပါတယ်။
ဒါတွေတင်မကသေးပါဘူးဆောင်းရာသီမှာ Lotion လိမ်းပေးခြင်း၊ အဆီပါတဲ့ နှုတ်ခမ်းနီဆိုးခြင်း၊ ရေချိုးရင် ရေနွေးနွေးလေးစပ်ချိုးခြင်း စတဲ့ နည်းလေးတွေနဲ့ လည်း မိမိကိုယ်ကိုဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ ဆောင်းရာသီမှာ ပတ်ဝန်းကျင်ရာသီဥတုလေးက အေးမြလှပပြီး သက်တောင့်သက်သာရှိလှတယ်။ ကျွန်မတို့  ခရီးတွေထွက်ဖို့ ၊ ပျော်ပွဲရွှင်ပွဲလုပ်ဖို့ အတွက် အရမ်းကို အဆင်ပြေတဲ့ အချိန်ကာလလေးတစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ကျန်းကျန်းမာမာ ရှိနေမယ်ဆိုရင် ရာသီဥတု က ကိုယ့်ဘက်မှာရှိနေပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ ကျန်းကျန်းမာမာနဲ့  ရာသီဥတုရဲ့ အလှအပ၊ အေးမြမှုတွေကို ခံစားရင်း ပျော်ရွှင်ကြည်နူးနိုင်ကြဖို့ ရည်ရွယ်ရင်း "ဆောင်းရာသီနှင့် ကျန်းမာရေး" ဆိုတဲ့ အကြောင်းလေးကို တင်ပြလိုက်ပါတယ်။

မေသူ-သံတွဲ (ဆေးဝါးတက္ကသိုလ်)
ဆေးပညာဆိုင်ရာဆောင်းပါးများ